သစ်နီပင်နှင့် သွေးကျိန်စာ (အပိုင်း ၁)
သစ်နီပင်နှင့် သွေးကျိန်စာ (အပိုင်း ၁)
ရေးသားသူ - ဂမ္ဘီရရွာ
" ဟေ့ ရာလု .. နင့် ယောက်ျားကို ခေါင်းဆောင်အိမ်မှာ ဖမ်းထားတယ် "
တဲအိမ်လေးတစ်လုံးရှေ့တွင် လူတစ်ယောက်က ထိုသို့အော်ပြောလိုက်ရာ တဲထဲမှ အမျိုးသမီး တစ်ဦးထွက်လာသည် ။ သူမလက်ထက်တွင် လသားအရွယ် ကလေးငယ်လေးတစ်ဦးကို ပွေ့ထားသည် ။
" ဘာပြောလဲ မုတု ... ငါ့ နော်လူး ဘာဖြစ်လဲ"
" ငါလဲမသိ ... နင်လိုက်သွားဦး "
" အေး အေး "
ရာလု ကလေးငယ်ကို ပွေ့ကာ ရွာလယ်ရှိ ခေါင်းဆောင်အိမ်သို့ သွားလေသည် ။ နောင်ဟူ ရွာလေးသည် တောတောင်များအနီး ရွာတည်ထားခြင်းဖြစ်ပြီး တစ်ရွာလုံး အမဲလိုက်ကာ ဝမ်းစာဖြည့်ကြသည်မို့ ပင်ကိုစရိုက်များ ခက်ထန်ကြမ်းတမ်းလှသည် ။ အိမ်ခြေများသော်လည်း အားလုံးသော အိမ်များမှာ သစ်ရွက်မိုး သစ်ရွက်ကာ တဲအိမ်များသာ ဖြစ်ကြသည် ။ နောင်ဟူ ရွာကို ခေါင်းဆောင် ခေါင်ဂရု က အုပ်ချုပ်သည် ။
ရာလု တစ်ယောက် ရွာလယ်ရှိ ခေါင်းဆောင်အိမ်သို့ရောက်သွားချိန်ဝယ် အိမ်ရှေ့ကွက်လပ်တွင် ရွာသူရွာသားများ စုရုံးနေကြပြီး နော်လူး ကို တိုင်တစ်တိုင်တွင် ကြိုးတုပ်ထားသည် ။
" ဟင် ... နော်လူး ... နင်ဘာဖြစ်လဲ ... ခေါင်းဆောင် .. နော်လူးဘာအပြစ်လုပ်လဲ"
ရာလု သည် နော်လူးကိုတစ်လှည့် ခေါင်းဆောင် ခေါင်ဂရု ကို တစ်လှည့်မေးလိုက်သည် ။ ခေါင်းဆောင်မျက်နှာမှာ တင်းမာခက်ထန်နေပြီး ရွာသူရွာသားများမှာလည်း ထိုနည်းလည်းကောင်းပင် ။
" ရာလု ... နင့်ယောက်ျား စောဖူ ကို သတ်လိုက်တယ် "
" ဟင် ... နော်လူး .. နင်ဘာလို့ စောဖူကို သတ်လဲ "
ရာလုသည် နော်လူးကို မယုံနိုင်စွာမေးလိုက်သည် ။
" ငါမသတ် ရာလု ... ငါကဘာလို့ စောဖူကို သတ်ရမှာလဲ ... ငါမသတ် "
" နော်လူး .. အားလုံးသက်သေတွေရှိတယ် .. နင် မလိမ်နဲ့ .. နင် စောဖူကို ဓားနဲ့ထိုးသတ်တာ ရွာသားတွေမြင်တယ် "
နော်လူးက အကြောက်အကန်ငြင်းသော်လည်း ခေါင်းဆောင်က အတိအကျ စွပ်စွဲလေပြီ ။ ပြီးတော့ စောဖူ ဆိုတာလည်း ခေါင်းဆောင်သမီး ငယ်ငယ်ချောချောလေး ။ နော်လူးသာ စောဖူကို သတ်ခဲ့သည် မှန်ပါက ခေါင်းဆောင်သည် နော်လူးအား ခွင့်လွှတ်မည်မဟုတ် ။ ရွာသားများလည်း ခွင့်လွှတ်မည် မဟုတ် ။ ထိုကိစ္စမျိုးကို နောင်ဟူရွာ၌ တင်းကျပ်စွာ ပိတ်ပင်ထားသည် ။ ယခုအခါ၌ နော်လူးက ထိုကိစ္စကို ကျူးလွန်မိလေပြီ ။
" မဟုတ်ဘူး .. ခေါင်းဆောင် .. စောဖူ ကို ငါမသတ် "
" တော်စမ်း နော်လူး ... မင်းပြစ်ဒဏ် မင်းခံရ မှာပဲ .. ရွာစည်းကမ်းကို ဖောက်ဖျက်သူကို အပြစ်ပေးရမှာပဲ "
" ခေါင်းဆောင် .. နော်လူးသတ်တာ သေချာ ရဲ့လား ... ငါတို့ကို သနားပါ .. ကလေးကလဲ ခုမှ ရှစ်လပဲရှိသေးတယ် ... နော်လူးမရှိရင် ငါဘယ်လိုနေရမလဲ ပြီးတော့ နော်ဘူးသတ်တာဟုတ်မဟုတ် သေချာစုံစမ်းပေးပါ ခေါင်းဆောင် .. ငါ တောင်းပန်ပါတယ် "
ရာလု ငိုကြွေးကာ ခေါင်းဆောင်ရှေ့တွင် ဒူးထောက်တောင်းပန်လေသည် ။ ဖမ်းချုပ်ခံထားရသော နော်လူးမှာလည်း အံကြိတ်ကာ ရုန်းကန်နေလေသည် ။ ရာလုလည်း စောဖူကို နော်လူးသတ်သည်ကို မယုံကြည်နိုင်ပေ ။ နော်လူးသည် အင်မတန်စိတ်သဘောထား ကောင်းမွန်သူတစ်ယောက်ဖြစ်သည် ။ ရန်ငြိုးရန်စလည်းရှိသူမဟုတ် ။
" နင်လည်း မတောင်းပန်နဲ့ ရာလု ... ငါကဒီလို ကိစ္စကို ဘယ်လိုခွင့်လွှတ်ရမှာလဲ .. ပြီးတော့ သေသွား တာ ငါ့သမီးလေ "
ရာလုသည် ကလေးငယ်ကိုဖက်ကာ ငိုကြွေးလေသည် ။ ထိုမှတစ်ဖန် သူရူးတစ်ယောက်ပမာ နော်လူးဆီသို့ သွားပြန်သည် ။
" နော်လူး .. နင်မသတ်ဘူးမလား ... ခေါင်းဆောင်ကို ပြောလေ .. ငါသိတယ် နင်မသတ်ဘူး "
" ငါပြောတာ ခေါင်းဆောင်မယုံဘူး ... ငါမ သတ်ဘူးရာလု .. ငါ့သားလေးနဲ့ နင့်ကို ငါချစ်တာ ငါဘာ လို့ သတ်မှာလဲ "
နော်လူး မှာလည်း မိန်းမနှင့်သားငယ်ကိုကြည့်ကာ မျက်ရည်များစီးကျနေသည် ။ ထိုစဉ် ရွာသားတို့၏ အသံများထွက်ပေါ် လာ သည် ။
" ခေါင်းဆောင် .. ဆုံးဖြတ်ပါ "
" အပြစ်ပေးပါ ခေါင်းဆောင် "
" ခွင့်မလွှတ်နဲ့ "
ထိုအခါ ခေါင်းဆောင်လည်း မနေသာတော့ပဲ ဆုံးဖြတ်ချက်ကို ကြေငြာတော့သည် ။
" ရာလု .. နင့်ကိုတော့ အားနာရဲ့ .. ဒါပေမယ့် နော်လူးဟာ ရွာစည်းကမ်းကို ဖောက်ဖျက်တဲ့ အပြစ်ရှိသူမို့ သူ့ကို အပြစ်ပေးရမယ် "
အားလုံးငြိမ်သက်သွားသည် ။
" နော်လူးကို ဒီညပဲ သတ်မယ် "
" ဟေး .."
ရာလု ခမျာ မေ့မြောမတတ် ခံစားလိုက်ရသော်လည်း ရွာသူရွာသားများကမူ ပျော်ရွင်စွာ ဟစ်အော်နေကြသည် ။
" ခေါင်းဆောင် .. ခေါင်းဆောင် ... ငါတောင်းပန်ပါတယ် .. နော်လူးကို မသတ်ပါနဲ့ "
" ခေါင်းဆောင် ... ငါဘာအပြစ်ရှိလဲ ... ငါ စောဖူကို မသတ်ဘူး .. မတရားမလုပ်နဲ့ "
နော်လူးနှင့် ရာလုတို့ ဘယ်လိုပင်ပြောပြော ခေါင်းဆောင် ခေါင်ဂရုမှာ တဲထဲသို့ ဝင်သွားလေသည် ။
ထို့ကြောင့် အခြားလူများလည်း ပြန်သွားကြရာ ရာလု တစ်ယောက်တည်း ငိုရင်းကျန်ခဲ့လေသည် ။
" ရာလု .. "
ရာလုမှာ ပြန်၍ပင် မထူးနိုင်ပေ ။
" ရာလု .. ဒါ ရွာကလူတွေ ငါ့ကို လုပ်ကြံတာ .. ငါ့မှာ လွတ်လမ်းမရှိတော့ဘူး ... ငါတကယ်မသတ်ပါဘူး ရာလု "
" ငါ သိပေါ့ နော်လူး .. နင်မရှိရင် နင့်သားလေးနဲ့ ငါ ဘယ်လိုနေရမလဲဟင် .. ငါတို့ကို ဘယ်သူရှာကျွေးမှာလဲ "
" ရာလု .. နင် ဒီညပဲ ရွာက ထွက်သွားတော့ .. နင်ရွာမှာ မနေနဲ့တော့ "
" ငါက ဘယ်မှာသွားနေရမှာလဲ "
" သားလေးကိုခေါ်ပြီး အခြားရွာမှာ သွားနေ .. ရွာကလူတွေကို ငါမယုံဘူး ... နင်နဲ့ သားလေးကို ဒုက္ခ ပေးလိမ့်မယ် "
" ငါမသွားတတ် နော်လူး "
" နင် ဘာမှ မကြောက်နဲ့ .. ဒီရွာနဲ့ဝေးရာကိုသာ သွား.. အခြားမှာ ရွာတွေအများရှိတယ် .. သားလေးကိုတော့ သေချာဂရုစိုက်ပါနော် ... နေတောင် ဝင်တော့ မယ် .. သွား .. သွားတော့ ရာလု "
" နော်လူး ... အီး ဟီး ...ဟီး ..."
မိသားစုသုံးယောက် ဖက်ကာ ငိုကြွေးကြလေသည် ။
" သွားတော့ ရာလု .. ပြီးရင် ရွာကနေအပြီး ထွက်သွားတော့ "
" အေးပါ နော်ကဲ ... ငါခေါင်းဆောင်နဲ့ ဒီရွာကို ဘယ်တော့မှ မကျေဘူး "
နာကြည်းသွာရေရွတ်ကာ လှည့်ကြည့် လှည့်ကြည့် ဖြင့် ရာလု ပြန်လာလေသည် ။ အိမ်ရောက်တော့ နေဝင်သွားပြီ ။ ထို့ကြောင့် တောင်းငယ်တစ်ခုထဲသို့ ပစ္စည်းအချို့နှင့် အသားခြောက်များထည့်သည် ။
" ရက်စက်ကြတဲ့ လူတွေ ... အပြစ်မရှိဘဲ နော်လူးကို သတ်တယ် .. ငါဘယ်တော့မှ ခွင့်မလွှတ်ဘူး .. အခုတော့ သား .. သား လေးအတွက် ငါ့နာကြည်းမှုတွေကို မြိုသိပ်ပြီး ငါထွက်သွားရတော့မယ် .. နော်လူး ... နော်လူးကို ငါနောက်ဆုံးအနေနဲ့ သွားကြည့်မယ် .. ပြီးရင် ငါနဲ့သားလေး ဒီရွာက ထွက်သွားမယ် .. ဟုတ်တယ် ... ငါသွားမယ် "
ကလေးငယ်ကို ပိုးကာ တစ်ဖန်သွားပြန်သည် ။ အပြေစ်ပေးမည့်နေရာမှာ ရွာပြင်တွင်ဖြစ် သောကြောင့် တောင်းကိုပါ တစ်ပါတည်း ယူဆောင်လာခဲ့သည် ။ လပြည့်ညမို့ လရောင်က အနှေင်အဖွဲ့ကင်းစွာ သာယာနေသည် ။
မကြာမီ ရွာပြင်တစ်နေရာရှိ လူအုပ်ကြီးအနား သို့ ရောက်ရှိလေသည် ။ ရာလုသည် ချုံကွယ်မှသာ ချောင်းမြောင်းကြည့်ရှုနေပြီး ထိုအနားသို့ မသွားပေ ။ နော်လူး စိတ်မဖြောင့်မည်စိုးသောကြောင့်ဖြစ်သည် ။
မီးတုတ်များထွန်းညှိထားပြီး နော်လူးကိုမူ တိုင်ကြီးတစ်ခုတွင် ကြိုးဖြင့် တုပ်နှောင်ထားလေသည် ။ ရာလု ၏ အမြင်အာရုံများ ဝေးသွားလိုက် နီးလာလိုက် ရှိနေပြီး အသံများကိုလည်း မကြားတစ်ချက်ကြားတစ်ချက်ဖြစ်နေသည် ။
" အား ... "
နော်လူး၏ အော်သံကြီးကိုမူ ပြတ်သားစွာကြား လိုက်ရသည် ။