သစ်နီပင် နှင့် သွေးကျိန်စာ (အပိုင်း ၂)



သစ်နီပင် နှင့် သွေးကျိန်စာ (အပိုင်း ၂)

ရေးသားသူ - ဂမ္ဘီရရွာ

" ရာလု ... နင်ဒီမှာ ဘာလုပ် "
       
ကလေးငယ်ကို ဘေးချကာ အားရပါးရ ရှိုက်ငိုနေသော ရာလု နောက်ဖက်မှအသံကြောင့် လှည့်ကြည့်
့လိုက်သည် ။
         
"ဟင် .. တဝမ် "
         
"ရာလု .. နင်ဘာမှ အားမငယ်နော် .. နော်လူး မရှိတော့ပေမယ့် နင့်ကိုငါ ရှာကျွေးပါ့မယ် "
         
"မလိုဘူး တဝမ်..  ငါ ရွာမှာလည်းမနေဘူး .. ငါ့သားလေးခေါ်ပြီး ငါရွာကနေ သွားတော့မှာ "
         
" ညကြီး နင်က ဘယ်သွားမှာလဲ "
         
" ငါမသိ "
         
" ငါ့ကို ယူပါဟာ... နင့်ကိုငါ စောင့်ရှောက်ပါ့မယ် "
         
" ငါ ဒီရွာကို စိတ်နာတယ် .. နင့်ကိုလည်း မယူဘူး "
         
" ငါ့စကားကို နားထောင်စမ်း ရာလု .. နင်ကဘာလဲ ... နင်ငါ့ကို ယူရမယ် "
       
သန်မာသောလက်အစုံဖြင့် ရာလု၏ ပခုံးနှစ်ဖက် ကို ဖျစ်ညှစ်လိုက်ရာ နာကျင်သောဝေဒနာကြောင့် နော်လူးအတွက်ခံစားနေရသော သောကများ ခေတ္တပျောက်သွားပြီး မိမိနှင့် သားငယ်အတွက် စိုးရိမ်မိသည် ။
         
" နင်ဘာလုပ်လဲ တဝမ် .. ငါ့ကိုလွှတ် "
         
" မလွှတ်ဘူးရာလု .. နင့်ကိုငါ အရင်ကတည်းက ချစ်ခဲ့တာ .. ခု နော်လူးလည်း မရှိတော့ဘူးဆိုတော့ နင့်ကိုငါ ရအောင်ယူပြမယ် " ဟုဆိုကာ ရာလုကို အတင်းပွေ့ဖက်နမ်းရှုတ်လေတော့သည် ။
         
" နင် မယုတ်မာနဲ့နော် "
         
ရာလု သည် အစွမ်းကုန်ရုန်းကန်ပါသော်လည်း အားမတန်သောကြောင့် မြေပြင်တွင် အလှဲခံလိုက်ရသည် ။ ရုန်းရင်းကန်ရင်း အနားမှတောင်းကို တိုက်မိပြီး တောင်းမှောက်သွားလေရာ တောင်းထဲမှ ဓားမြှောင်တစ်ချောင်းသည် ရာလု နံဘေးသို့ ရောက်ရှိလာသည် ။
         
ရာလု ဓားကောက်လိုက်သည်ကို ရမ္မက်ဇောထနေသော တဝမ်က မမြင်ဘဲ အကျီကို ချွတ်လိုက်လေသည် ။ ရာလု လည်း ငြိမ်သွားသည်မို့ သူ့အလိုကို လက်ခံလိုက်ပြီဟု ယူဆနေလေသည် ။ သူ့ကြမ္မာဆိုးကိုမူ သူမသိပေ ။
         
ရာလုသည် တဝမ်အား စက်ဆုတ်ရွံရှာစွာ ဒေါသတကြီးကြည့်ပြီိးနောက် ဓားမြှောင်ဖြင့် ဝမ်းဗိုက်ဆီသို့ အားကုန်ထိုးလိုက်သည် ။
           
"အား .... " တဝမ်၏ အော်သံကြီးကျယ်လောင်စွာ ထွက်ပေါ်လာလေသည် ။
         
" ကဲဟာ .. လူယုတ်မာ ... ကဲဟာ "
           
ဆက်ကာဆက်ကာ ဓားဖြင့်ထိုးနေရာမှ တဝမ်အော်သံကြောင့် ရွာသားများ မီးတုတ်များကိုင်ဆောင်၍ လာနေသည်ကို မြင်လိုက်ရ၍ ထိတ်လန့်သွားသည် ။
           
"မဖြစ်ဘူး .. ငါပြေးမယ် ... သားလေးအ တွက် ငါအသက်ရှင်ရမယ် "
           
ကလေးကို ကောက်ပွေ့ ၊ လက်တစ်ဖက်မှလည်း ဓားကိုင်ကာ တောင်းပင် မယူနိုင်တော့ဘဲ တောထဲသို့ ပြေးလေသည် ။ ရွာသားများလည်း တဝမ်အလောင်းကို တွေ့ပြီးနောက် ရာလု သတ်သည်ကို သိကာ ရာလု နောက်သို့ လိုက်ကြလေသည် ။ ရာလုလည်း လရောင်အားကိုးဖြင့်ပြေးကာ တောတိုးပြေးရသည်မို့ အကြိမ်ကြိမ်ပြိုလဲလိုက် ၊ ခလုတ်တိုက်လိုက်ရှိနေသည် ။ မငိုသော သားလေးကိုလည်း ကျေးဇူးတင်နေမိသည် ။
           
အတော်ဝေးဝေးပြေးပြီးနောက် ခဏအမောဖြေနေစဉ် နောက်မှ လိုက်လာသော ရွာသားများ၏ မီးရောင်များကို မြင်ရ၍ မနားဝံ့ဘဲ ဆက်လက်ပြေးပြန်သည် ။

         
"အင်း .. ငါဒီအတိုင်းပြေးနေလို့ကတော့ သူတို့ငါ့ကို ဖမ်းမိတော့မှာ ... ငါသေသွားတာအကြောင်းမဟုတ်ဘူး ... ငါ့သားလေး ... အပြစ်ကင်းစင်ပြီး လောကကြီးအကြောင်းကို ဘာမှမသိသေးတဲ့ ငါ့သားလေး ...  ငါ့ကိုသာမိသွားရင် သားလေးကိုပါ သူတို့သတ်ကြမှာ ... အမေ့ကို ခွင့်လွှတ်ပါ သားလေးရယ် .. အမေတို့ ကံကိုက ဆိုးလွန်းပါတယ် ... မဖြစ်ဘူး ... ငါသားလေးကို တစ်နေရာမှာ ဖွက်ထားပြီး ဆက်ပြေးရမယ် ... အမေတောင်းပန်ပါတယ် သားရယ် .. တကယ်လို့ အမေမသေခဲ့ရင် သားကို လာခေါ်မယ်နော် ... အမေသေသွားခဲ့ရင်လည်း အမေ့ဝိညာဉ်က သားကို စောင့်ရှောက်ပေးမှာပါ ... အခုတော့ အမေ့ကိုခွင့်လွှတ်ပါသား ရယ် ... ဟီး... ဟီး ...ဟီး .... "
         
ကလေးကိုဖက်ကာ အားရအောင်ငိုကြွေးပြီးနောက် ပတ်ဝန်းကျင်ကို မှတ်သား၍ မှတ်မိနိုင်မည့် ချုံတစ်ခုအတွင်းသို့ ကလေးငယ်ကို အသာချလိုက်သည် ။
       
" သားရယ် ... အိပ်ရာကနိုးလို့ အမေ့ကိုမတွေ့ရင် သားမငိုနဲ့နော် .. သားကိုအမေ ပြန်လာခေါ်ပါ့မယ် ...
သားရယ် ..."
         
သားမျက်နှာကို နောက်ဆုံးတွေ့ရတော့မည့်နှယ် အားရအောင် စိုက်ကြည့်ပြီးနောက် ဓားမြှောင်ကို တင်းအောင်ဆုပ်ကိုင်ကာ ဆက်ပြေးလေသည် ။ နောက်မှလိုက်နေသူများမှာလည်း အတော်ပင်နီးလာကာ အသံများကိုပင်ကြားနေရသည် ။
         
"လိုက်ဟေ .. လိုက် "
           
" ဒီကောင်မကို မလွတ်စေနဲ့ "
           
ရာလုလည်း ပြေးနှုန်းတိုးကာ ပြေးနေရာမှ
            "
 အား ..... "
            ရာလု ခွေလဲကျသွားသည် ။ သစ်ငုတ်ဆူးမိ၍ ခြေထောက်တစ်ဖက်မှ နာကျင်မှုသည် အသည်းပင် ခိုက်၍ သွားလေသည် ။ ကြိုးစား၍ ထကြည့်သော်လည်း ခြေထောက်မှာ မထောက်နိုင်တော့ပေ ။ ခြေထောက်မှလည်း သွေးများအလွန်ထွက်နေသည် ။  ရွာသားများ တဖြည်း ဖြည်း သူမနှင့်နီးကပ်လာသည် ပြီး သူမအားဝိုင်းထားလိုက်ကြသည် ။
         
"ဟား ... ဟား ... ဟား .... ဟား  "
         
အားလုံး၏ ရယ်သံများမှာ ရာလုနားထဲသို့ သံရည်ပူများ လောင်းထည့်နေသည့်အလား ။ ခေါင်းဆောင် ခေါင်ဂရု နှင့်ရွာသားများကို စေ့စေ့ကြည့်ရင်း ရာလု ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်သည် ။
         
သူမလက်ထဲမှ ဓားမြှောင်ဖြင့် သူမလက်ကောက်ဝတ်ကို အားထည့်လှီးဖြတ်လိုက်သည် ။ နာကျင်မှုကို အံတုပြီး နှုတ်ခမ်းသားကို ကိုက်ထားရာ သွေးများပင်စီးကျလာသည် ။
         
ရွာသားများမှာ သူမ၏ အပြုအမူကို ကျေနပ်စွာ ကြည့်ရှုနေကြပြီး သနားစိတ်အလျင်းမရှိ ။ ရာလူးသည် နာကျင်မှုများကို ခံစားရင်း ပက်လက် လှန်ချလိုက်ရာ မွန်းတည့်နေသော လပြည့်ကြီးကို မြင်လိုက်ရလေသည် ။
         
" အပြစ်မရှိတဲ့ငါတို့မိသားစုကို သတ်တဲ့ နင်တို့ရွာကို ငါမကျေဘူး .... ငါတို့ဒုက္ခရောက်ရသလို နင်တို့လည်း ဒုက္ခ ရောက်စေရမယ် ... ငါတို့ သေရသလို နင်တို့လည်း သေစေရမယ် . ငါတို့ကို သွေးထွက်အောင်လုပ်တဲ့အတွက် နင်တို့သွေးတွေနဲ့ ပြန်ပြီးပေးဆပ်ရမယ် ....  ငါ့ခန္ဓာကိုယ်ကထွက်တဲ့ သွေးတွေနဲ့ နင်တို့ကို ကျိန်စာတိုက်တယ် ... "
           
အားတင်းကာ ပြောလိုသည်များပြောပြီးနောက် ရာလူးစိတ်ကို လျှော့ချလိုက်သည် ။ ခြေထောက်မှ ပြင်းရှရှနာကျင်မှု ၊ လက်ကောက်ဝတ်မှ တစိမ့်စိမ့်နာကျင်မှု ၊ နှလုံးသားမှ အနှိုင်းမဲ့ နာကျင်မှုတို့ကို ခံစားရင်း အသိအာရုံများရပ်တန့်ချင်လာသည်။
         
သူမနောက်ဆုံးပြောလိုက်သော စကားတစ်ခွန်းကို မူ ဘယ်သူမှ မကြားနိုင်ပေ ။ နှုတ်ခမ်းလှုပ်ရုံ ပြောသွားသည်မှာ
         
" ခွင့်လွှတ်ပါ သားလေးရယ် " တဲ့ ။
         
ခေါင်ဂရု တို့လည်း ရာလု၏ ကျိန်စာစကားကြောင့် အစပိုင်းတွင်အတော်ပင် ထိတ်လန့်သွားကြ သည် ။ သို့သော် လူကြမ်း ၊ စိတ်ကြမ်း ၊ စရိုက်ကြမ်းသူ များမို့ အယုံအကြည်မရှိဘဲ ပေါ့ပေါ့တွေးကာ ပြန်သွား ကြသည် ။  ရာလု အလောင်းကိုပင် မြှုပ်နှံပေးခြင်းမရှိပေ ။

***************
         
" မုံဝ ... မုံဝ "
         
အပျိုကြီး မုံဝ ခေါ်သံကြောင့် အိပ်ပျော်နေရာမှ လန့်နိုးသွားသည် ။
           
" ဘယ်သူဟေ့ "
           
အိပ်ချင်မူးတူးဖြင့်ထကာ တဲပြင်ထွက်လိုက်တော့ လရောင်အောက်တွင် ရာလုကိုတွေ့လိုက်ရသည် ။ မုံဝ လည်း ရာလုသတင်းကိုကြားသိထား၍ အံသြ သွားသည် ။
           
" ဟင် .. ရာလု .. နင်မသေဘူးနော် "
           
" မုံဝ ..နင်ငါ့ကို ကူညီပါ "
           
" ဘာကူညီရမလဲ"
           
ရာလု နှင့် မုံဝတို့သည် အလွန်ခင်မင်ကြ သဖြင့် ရာလုသတင်းကြားကြားခြင်း မုံဝ အတော်ပင် စိတ်မကောင်းဖြစ်မိသည် ။
           
" ငါ့သားလေး ... ငါ့သားလေးကို စောင့်ရှောက်ပေးပါ "
           
" ဘယ်မှာ နင့်သားက "
           
" တောထဲမှာ "
           
" ဟင် "
             
မုံဝမှာ ကလေးငယ်အတွက် လွန်စွာ စိုးရိမ်သွားသည် ။
           
" စိတ်ချ ရာလု .. နင့်သားလေးကို ငါသွားခေါ်ပြီး စောက်ရှောက်ပေးမယ် "
           
" မုံဝ ... နင်ငါ့သားလေးကိုခေါ်ပြီး အခြားနေရာကို ခေါ်သွားပေးပါနော် .. သူတို့က ငါ့သားလေး မှန်းသိရင် သတ်မှာ "
           
မုံဝ ခေတ္တ တွေဝေသွားသည် ။ပြီးမှ
           
" အေး .. ငါခေါ်သွားမယ် .. ငါလည်း ရွာမှာမနေချင်ဘူး .. နင့်သားက ဘယ်နားမှာလဲ "
           
" တောထဲက ညောင်ပင်ကြီးနားကို သွား.. ချုံထဲမှာရှိတယ် "
         
" အေးပါဟာ.. ငါအခုသွားမယ် "
           
မုံဝ နေရာမှထလိုက်စဉ် အိပ်ပျော်နေရာမှ နိုးသွားလေသည် ။
         
" ဟင် ... ဒါ ငါ့ကို ရာလု အိမ်မက်ပေးတာပဲ ... မဖြစ်ဘူး .. ငါသွားရမယ် "
         
မုံဝ ပစ္စည်းအချို့ကို ယူဆောင်ကာ အိမ်မှထွက်လာတော့ မိုးပင် မလင်းသေး ။ တောထဲသို့ ခန့်မှန်းကာ လာခဲ့သည် ။ ရာလုပြောသောညောင်ပင်ကြီးမှာ သူမသိထားသော ညောင်ပင်ကြီးဖြစ်ရန် ဆုတောင်းမိသည်။ အတော်ဝေးဝေးလျှောက်ပြီးသော် ညောင်ပင်ကြီးနားရောက်လာခဲ့သည် ။ စိတ်ပူစွာပင်ညောင်ပင်ကြီးအနားလျှောက်လာစဉ်
           
" အုဝဲ .. အုဝဲ ..."
           
" ဟင် .. "
           
ကလေးငိုသံကြားရာသို့ အပြေးသွားလိုက်တော့ ချုံတစ်ခုအတွင်းမှ ကလေးငယ်ကို တွေ့ရ၍ ကောက်ချီလိုက်သည် ။
         
" ရာလု ရယ် .. နင်တို့အဖြစ်ကလည်း ဆိုးလိုက်တာ "
         
ကလေးငယ်ကိုကြည့်ကာ မုံဝ မျက်ရည်ကျမိသည် ။
         
" ငါ ကလေးကိုခေါ်ပြီး ဘယ်သွားရမလဲ "
         
အပြေးအလွှားစဉ်းစားရင်း လွန်ခဲ့သော ၂ လခန့်က တောထဲတွင်တွေ့ရသော အမေအိုကြီးကို သတိရလိုက်သည် ။ ထိုစဉ်က သူမ တောတက်၍ မှိုရှာစဉ် ထိုအမေအိုကြီးကို တွေ့ခဲ့ခြင်းဖြစ်သည် ။  တောထဲရှိ တဲလေးတစ်လုံးဖြင့်နေထိုင်သော အမေအိုကြီးကို ထိုစဉ်က သနားစိတ်ဝင်မိသေးသည် ။ သို့သော် သွားရောက်နှစ်သိမ့်ပေးခြင်းကိုမူ မပြုခဲ့ပေ ။
         
အခုလောလောဆယ် မုံဝ ထိုနေရာသို့ သွားရမည်။ အလွန်ဆုံး ၃ နာရီလောက်တော့ကြာမည် ။ နို့ဆာ၍ငိုနေသော ကလေးငယ် ပါးစပ်ထဲသို့ ရေစက်အနည်းငယ်ချပေးလိုက်ရာ ကလေးမှာ အငမ်းမရ သောက်ရင်း အငိုရပ်သွားလေသည် ။ ထို့နောက် အမေအိုကြီးအား တွေ့ခဲ့ရာ နေရာသို့ ....
Powered by Blogger.