အလည်လာသော နဂါး



ရေးသားသူ - D Moe Moe

'''အမေရေ လာကြည့်ပါအုံး'''

ဒေါ်စင်သီယာက သမီးရဲ့ခေါ်သံကြောင့်ပြေးကြည့်မိရာ မွေးကာစကလေးကျောတွင် နဂါးတစ်ကောင်ပုံစံ အမှတ်အသားတစ်ခုကို ထင်ထင်ရှားရှား တွေ့ရလေသည်။

သူတို့မိသားစုရင်ထဲ စိုးရိမ်စိတ်တွေဝင်မိကြသလို နဂါးတစ်ကောင် ရောက်လာသောနေ့ဆိုလဲ မမှားပါ။ ဒေါ်စင်သီယာသမီး မာဂရတ်ကိုယ်ဝန် စရှိကတည်းက အိမ်ပတ်ဝန်းကျင်ခြံထဲမြွေများ မကြာခဏတွေ့နေရသည်။

ပြီးခဲ့သည့် အပတ်ကလဲ ကားဂိုထောင်ထဲမြွေဝင်ခွေနေတာ သားဖြစ်သူတွေ့မှ မောင်းထုတ်လိုက်ရသည်။ သူများတွေကမြွေဝင်လျှင် ငွေဝင်သည်ဟု ဆိုကြပေမဲ့ ဘိုဆန်သော သူတို့မိသားစုကတော့ အယုံအကြည်မရှိပါ။ ငွေဆိုတာ သူတို့ဘဝမှာ ပေါနေတာကြောင့် သိပ်ပြီးစိတ်ဝင်စားစရာမရှိပါ။

ချမ်းသာသော သူတို့မိသားစုထဲသို့ မကြာခင်အချိန်တွင် နဂါးတစ်ကောင် ရောက်လာလေသည်။ မာဂရတ်က သားယောင်္ကျားလေးတစ်ယောက် မွေးဖွားလာရာ သူတို့မိသားစု အကြီးအကျယ် ဝမ်းသာပိတိဖြစ်နေကြသည်။ မြေးဦးလေး မဟုတ်ပါလား ထိုမြေးဦးကလေးအား ပီတာဟု နာမည်ပေးထားသည်။

ပီတာသည် မွေးကတည်းကအေးသည် အငိုအရီနဲသည်။ ပီတာက စိတ်တော့အလွန်ကြီးသည်။ ဒေါသကြီးပြီး သူလိုချင်တာ မရပါက ဘယ်လိုချော့ချော့မရ ပေတက်မတက်အောင်ပင် ငိုလေ့ရှိသည်။ အိပ်ရာပေါ်တွင် လှိမ့်ကာငို့နေလေ့ရှိသည်။ မိတ်ဆွေများက နဂါးကလေးဟု ချစ်စနိုး ခေါ်ကြလေသည်။

ပီတာ အရွယ်ရောက်လာတော့ သူ့အသုံးအဆောင် ပစ္စည်းများအားလုံးသည် မြွေနှင့်နဂါးရုပ်များပါကာ မြွေနှင့်နဂါးကို အလွန်စိတ်ဝင်စား ကြိုက်နှစ်သက်လေသည်။ သူငယ်ချင်း အပေါင်းအသင်းများကလဲ သူ့အားနာမည်ပြောင်အဖြစ် နဂါးဟုခေါ်ကြလေသည်။

ပီတာ ငယ်စဉ်ကတည်းကပင် တခါမှမရောက်ဘူးသော နဂါးရုံဘုရားများ ရေလည်ဘုရားများသို့ အိမ်မက်ထဲတွင် မကြာမကြာ ရောက်နေခဲ့သည်။ ထိုဘုရားများသည် နဂါးများ ဝိုင်းရံလျှက်ရှိကာ ကြည့်ရသည်မှာ အလွန်ပျော်စရာကောင်းသော နေရာဟု ပီတာထင်သည်။ သို့ပေမဲ့သူက ခရစ်ယာန်ကို ကိုးကွယ်သူဖြစ်၍ ဘုရားမဖူးပါ။

ပီတာ အရွယ်ရောက်လာသောအခါ အင်ဂျင်နီယာ တစ်ဦးဖြစ်လာကာ သူငယ်ချင်းများနှင့်စုကာ ဆောက်လုပ်ရေး လုပ်ငန်းတစ်ခု ထူထောင်ထားသည်။ တစ်ရက်တွင် ပီတာထံသို့ သူဌေးတစ်ဦး ရောက်လာကာ အလုပ်အပ်လေသည်။

ထိုအလုပ်သည် နယ်မှဘုန်းကြီးကျောင်းတစ်ကျောင်းတွင် သူဌေးမှ ဓမ္မာရုံဆောက်လုပ်၍ လှူရန်ဖြစ်သည်။ အလုပ်သဘောအရ ထိုနေရာသို့ အရင်သွား၍ လေ့လာကြသည်။ ဘုန်ကြီးကျောင်းကလေးသည် တစ်ထပ်ကျောင်း သေးသေးလေးဖြစ်ကာ ခြံသည် အတော်ကျယ်ဝန်းသည်။ သစ်ပင် ပန်းပင်များ စိမ်းစိမ်းစိုစိုနှင့် အေးချမ်းနေကာ ကျောင်ဘေးပတ်လည်တွင် ကွေ့ပတ်ကာ စီးဆင်းနေသော ချောင်းကလေးလဲ ရှိနေတာကြောင့် ပတ်ဝန်ကျင် အလွန်သာယာသော ဘုန်းကြီးကျောင်းဖြစ်သည်။

ချောင်းစပ်တွင်နဂါးရုံဘုရား တစ်ဆူရှိကာ ပြို၍ပျက်စီးနေလေသည်။ ဘုန်းကြီးက ကျောင်းရာဇဝင်အား ရှင်းပြသည်။ ယခင်က ဘုန်းကြီးကျောင်းသည် ချောင်းစပ်တွင်ရှိကာ တစ်နှစ်ရေကြီးသောအခါ ထိုကျောင်းသည် ရေထဲမျောပါ သွားလေသည်။

နဂါးရုံဘုရားလဲ အတော် ပျက်စီး၍ကျန်ခဲ့သည်။ နောက်တော့ ရွာထဲကလူများစု၍ ကားလမ်းပေါ်အလှူခံပြီး ဘုန်းကြီးကျောင်းကလေး ပြန်ဆောက်၍လှူထားကြပေမဲ့ ငွေမတတ်နိုင်တော့၍ နဂါးရုံဘုရားကလေးအား မပြုပြင်နိုင်ကြောင်း ရှင်းပြသည်။

ထူးဆန်းသည်က ပီတာ ထိုအလုပ်လက်ခံပြီးကတည်းက မြွေများ နဂါးများကို မကြာခဏ အိမ်မက်မက်နေသည်။ အိမ်မက်ထဲတွင် အလွန်လက်ရာမြောက်လှသော နဂါးရုံဘုရား တစ်ဆူအား တွေ့နေရသည်။ နဂါးသည် အသက်ဝင်နေသလို ပီပြင်လှကာ ချက်ချင်းပင် လှုပ်ရှားတော့မည်လား ထင်ရတာကြောင့် ပီတာအလွန်သဘောကျနေသည်။ အိမ်မက်က နိုးလာသည့်တိုင်အောင် မျက်လုံးထဲက မထွက်ပဲ စွဲနေသည်။

ပီတာလဲ လုပ်ငန်းစ၍လုပ်ရင်းဖြင့် ထိုဘုန်းကြီးကျောင်းသို့ မကြာခဏ ရောက်ရင်း တစ်နေ့တွင် ပျက်စီးနေသော နဂါးရုံဘုရားသို့ အသေအချာသွား၍ လေ့လာကြည့်မိသည်။ ထိုအခါ သူ့ရင်ထဲကြည့်နေရင်း ဝမ်းနည်းသလိုလို ရင်ထဲတစ်မျိုးကြီး ခံစားနေရသည်။ ဒါနဲ့ပျက်စီးနေသော နဂါးကိုယ်ထည်အား လက်နှင့်ကိုင်လိုက်စဉ် ခဏမှာတော့ သူ့လက်တွေ ကျင်တက်သွားကာ အမြန်ရုပ်သိမ်းလိုက်သည်။

သူမယုံနိုင်စွာ နောက်သို့ခုန်ဆုတ်လိုက်မိသည်။ သူလက်အတွေ့အထိအရ သက်ရှိနဂါးတစ်ကောင်ကို ကိုင်လိုက်ရသလို ပျော့စိစိဖြစ်၍နေသည်မှာ အံ့ဖွယ်သုတပင်။ သူမရဲတရဲနှင့် နောက်တကြိမ် ကိုင်မိချိန်တွင်တော့ သာမန်ရုပ်ထုလို မာတောင့်နေသည်။ သို့ပေမဲ့ နဂါးမျက်လုံးတွေသည် သူ့အားအသေအချာ စိုက်ကြည့်နေသလားလို့ သူမြင်မိသည်။

သူအိမ်မက်ထဲက နဂါးရုံဘုရားအား သူမြင်ယောင်မိကာ ဒီဘုရားကို သူပြုပြင်မည်ဟု တွေးလိုက်မိသည်။ ဘုန်းကြီးအား သူပြုပြင်ပေးမည် လျှောက်ရာ ဘုန်းကြီးကလဲ ဝမ်းသာအားရဖြင့် သူ့အိမ်မက်အား ပြောပြသည်။

''ကောင့်ပါပေ့ ဒကာရယ် ဘုန်းကြီးအိမ်မက်ထဲလဲ နဂါးကြီးတစ်ကောင်က ဘုရားပြုပြင်မဲ့သူ မကြာခင်ရောက်လာမှာပါလို့ လွန်ခဲ့တဲ့ တစ်နှစ်လောက်က အိမ်မက်မက်တယ်။ ဘုန်းကြီးလဲကြာတော့ မမျှော်လင့်တော့ဘူး တစ်နေ့နေ့တော့ ပြင်မယ် စိတ်ကူးရှိပါတယ်။ အခုလို ဘာသာမတူပေမဲ့ ထက်သန်တဲ့ စိတ်ထားကို သာဓုခေါ်ပါတယ်ကွယ်''

သူအိမ်ပြန်ရောက်သည့်ညတွင် ထူးထူးဆန်းဆန်း အိမ်မက် မက်ပြန်သည်။ အိမ်မက်ထဲတွင် နဂါးများ အလယ်မှ ချောမောလှပသော မိန်းကလေးတစ်ယောက်သည် သှု့အားစကားဆန်းများ ပြောလိုက်သည်။

''''မောင်တော် ဘုရားပြုပြင်ပြီးရင် နှမတော်တို့ဆီ ပြန်လာခဲ့နော် နှမတော် ပျင်းနေပြီ'''''

''' မင်းကဘယ်သူလဲ ကျူပ်က ဘယ်ကိုပြန်ခဲ့ရမလဲ'''''

'''''မောင်တော်လဲ မေ့တတ်ရန်ကော မောင်တော်ပဲ ဘုရားပြုပြင်ချင်လို့ ခဏသွားတာလေ'''

ထိုသို့ပြောကာ ထိုမိန်းကလေးသည် စိတ်ဆိုးကာ ထွက်သွားလေသည်။ သူအိမ်မက်က လန့်နိုးတော့ သူ့ကိုယ်သူ အတော်ရီချင်နေသည်။ သူအခုတစ်လော ရူးကြောင်ကြောင် အိမ်မက်တွေ မက်နေသည်ဟု ထင်မိသည်။ ဘာဘဲဖြစ်ဖြစ် သူအိမ်မက်ကို အကောင်အထည်ဖော်မည်ဟု ဆုံးဖြတ်ထားသည်။

သူမှာ ခေါင်းမကြာခဏ ကိုက်သည့်ရောဂါ မူးသည့်ရောဂါ ရှိနေသည်။ ခုတလော ပိုဆိုးလာသည် ကျမ်းမာရေး မကောင်းသူ ပေတေကာနေသည်။ အိမ်သားများအား အသိမပေးဖြစ်ပေ။ သူဆန္ဒအတိုင်း ဘုန်းကြီးကျောင်းက နဂါးရုံဘုရားကို သူပြုပြင်လိုက်သည်။

အိမ်မက်ထဲက အတိုင်း နဂါးက အသက်ဝင်နေသလား ထင်ရအောင် လက်ရာမြောက်နေတာကို သူသဘောကျနေသည်။ အခုမှ သူ့အိမ်မက်ထဲကအတိုင်း တပုံစံထဲ ဖြစ်သွားသည်ကို မြင်ရသည်။ သူဘုရားပြုပြင်နေရင်း ခါတိုင်းနဲ့မတူ အလွန် အိပ်ချင်နေမိသည် တနေကုန် အိပ်ချင်နေသည်။

ခေါင်းလဲ မကြည်တာကြောင့် သူ့ကိုယ်သူ မင်္သကာ၍ ဆေး
စစ်ကြည့်ရာ ကမ္ဘာကြီးချာချာလည်အောင် မူး၍သွားသည်။ သူ့တွင် ဦးနှောက်တွင် အကျိတ်ကြီးရှိနေသည်။ သူ့အသက်ရှင်ခွင့်က လပိုင်းမျှသာ နေရတော့မည် ဖြစ်သည်။ သူနောက်ဆုံး အိပ်ယာထဲ လဲတော့သည်။ သူတနေကုန် အိပ်၍နေသည်။

သူအိပ်လိုက်တိုင်း သူ့နဂါးရုံဘုရားသို့ ရောက်နေကာ ချောမောလှပသော မိန်းကလေးနှင့် ရှောက်သွားနေသည်။ သူအမြဲတမ်း အိမ်မက်မက်နေသည်။ သူဘုရားသခင်ထံ ငြိမ်းချမ်းစွာဖြင့် ပြန်လိုသည်။

ပီတာ တစ်အိမ်သားလုံး သောကများဖြင့် ဘုရားသခင်ထံ တိုင်တည်နေကြသည်။ သူငယ်ချင်းများလဲ သူ့နားတွင် အားပေးနေကြသည်။ သူ့အားပျော်အောင် ထားသည်။ သို့ပေမဲ့ သေခြင်းတရားက တားမရတော့ ဆရာဝန်ပြောသည့် အချိန်ထက် စောစွာ ပီတာ ဆုံးလေသည်။

သူငယ်ချင်များကလည်း အလွန်စိတ်မကောင်း။ ပီတာ လက်စသတ်ရန် ကျန်နေသော နဂါးရုံဘုရားကလေးအား လက်စသတ်ကာ ပြုပြင်ပေးကြပြီး ဓမ္မာရုံကြီးလဲ အပြီးသတ် ဆောက်လိုက်ကြသည်။ အားလုံးပြီးစီး၍ ရေစက်ချ တရားနာပွဲမှာတော့ ပီတာ သူငယ်ချင်းများက ဘာသာမတူပေမဲ့ ပီတာလှူခဲ့သော နဂါးဘုရားလေးအတွက် ပီတာအား အမျှဝေ သာဓုခေါ်ကြရာတွင် ထူးထူခြားခြား ဘုန်းကြီးကျောင်းဝင်းထဲ လေပွေတစ်ခုသည် ကန်တော့ပုံစံထိုးကာ တစ်ကျောင်းလုံး လှည့်ပတ်ကာတိုက်၍ ခဏအကြာ အရာအားလုံး ငြိမ်သက် ပျောက်ကွယ်သွားလေသည်။

ပီတာ အကြောင်း အားလုံးသိနေသော သူငယ်ချင်းများကတော့ ပီတာ တစ်ယောက် ကောင်းကင်ဘုံမှာ ရှိနေသလား ဒါမှမဟုတ် အိမ်မက်ချစ်သူနှင့် ဆုံစည်းနေသလားဆိုတာ မဝေခွဲတတ်ပါ။

ပြီးပါပြီ။
Powered by Blogger.