သစ်နီပင်နှင့် သွေးကျိန်စာ (အပိုင်း ၃ ဇာတ်သိမ်း)



သစ်နီပင်နှင့် သွေးကျိန်စာ (အပိုင်း ၃ ဇာတ်သိမ်း)

ရေးသားသု - ဂမ္ဘီရရွာ

နှစ်အနည်းငယ်ကြာသော် ....  နောင်ဟူရွာနှင့်မနီးမဝေးတွင် ထူးဆန်းသော သစ်ပင်နီကြီးတစ်ပင် ပေါက်နေလေသည် ။  အခြားသစ်ပင်များနှင့်မတူဘဲ အရွက်များမှာ ရဲရဲနီနေကြသည် ။ အပင်ငယ်စဉ်က ရွာသားများသတိ မထား မိကြဘဲ အတော်ကြီးလာမှ ထူးခြားသောသစ်ပင်နီကြီးကို သတိထားမိလာသည် ။
         
အခြားနေရာများတွင် တွေ့မြင်ဖူးခြင်းမရှိသည့်အပြင် သစ်ပင်အမျိုးအစားကိုလည်း သူတို့မသိကြပေ ။ ထူးဆန်းသော သစ်နီပင်တစ်ပင်အဖြစ်သာ သိထားကြ ပြီး စိတ်ဝင်စားခြင်းတော့မရှိပေ ။
         
တစ်နေ့တွင် ထင်းခြောက်ကောက်သော အမျိုးသမီးတစ်ဦးသည် ထိုသစ်နီနားမှ ရွာသို့ပြန်လာရာ ထူးဆန်းသော မြင်ကွင်းတစ်ခုကို တွေ့မြင်ခဲ့လေသည် ။
     
ဖြစ်စဉ်မှာ သူမသည် သစ်နီပင်နှင့် မလှမ်းမ ကမ်းတွင် ထင်းစည်းချ၍ အမောဖြေနေစဉ် သစ်နီပင်အောက်သို့ ယုန်ငယ်တစ်ကောင်ရောက်လာသည် ။ သူမကြည့်နေစဉ်မှာပင် ယုန်ငယ်လေးအား မြွေကဲ့သို့ တွန့်လိန်သော သတ္တဝါတစ်ကောင်က ရစ်ပတ်၍ သတ်လိုက်သည် ။
           
ခဏချင်းမှာပင် ယုန်ကလေးသေဆုံးသွားပြီး ထိုသတ္တဝါလည်း ပျောက်ကွယ်သွားလေသည် ။ သူမ ယုန်ကလေးအား အပြေးအလွှား သွားရောက်ကြည့်ရှုရာ ယုန်ကဘေး၏ ဂုတ်ပိုးနားတွင် အပေါက်ငယ်တစ်ခုကိုတွေ့ရပြီး သွေးများမရှိတော့ပေ။ သူမသည် ထိုအကြောင်းကို ရွာခေါင်းဆောင်နှင့် ရွာသားများအားပြောပါသော်လည်း အားလုံးက အမှုမဲ့အမှတ်မဲ့သာ နေလိုက်ကြသည် ။
         
တစ်နေ့တွင် ရွာမှ မုဆိုးနှစ်ယောက်သည် တော ပစ်ထွက်ရာမှ ပြန်လာပြီး သစ်နီပင်အောက်၌ ဝင်နားကြ သည် ။  သူတို့သည် မျောက်သုံးကောင်နှင့် ယုန်နှစ်ကောင်ကို သာ ပစ်ခတ်နိုင်သဖြင့် မကြေနပ်ကြပေ ။ထို့ကြောင့် ထိုအကြောင်းများအားပြောရင်း ထိုင်နေကြစဉ် တစ်ယောက်က ဓားအိမ်မှ ဓားကို ထုတ်ကာ ဟိုလုပ်ဒီလုပ် လုပ်နေသည် ။
         
" အ .. "
         
မမျှော်လင့်ဘဲ လက်ကို ဓားရှသွားသည် ။ ဓားမှာ မြိနေအောင် သွေးထားသဖြင့် အဝင်နက်သည် ။ ထို့ပြင် နေပူနေချိန်မို့ သွေးတော်တော်များများ မြေပြင်ပေါ်သို့ ကျလေသည် ။
         
သူတို့သည် သစ်နီပင်၏ သစ်မြစ်တစ်ခုပေါ်၌ ထိုင်နေကြ၍ သွေးစက်အချို့မှာ သစ်မြစ်ပေါ်သို့ကျ သွားသည် ။
         
ထိုအခိုက်မှာပင် သစ်နီပင်ကြီးသည် တစ်စုံတစ်ယောက် ကိုင်လှုပ်လိုက်သည့်နှယ် သွက်သွက်ခါအောင်လှုပ်ရှားသွားသဖြင့် နှစ်ယောက်လုံး အလန့် တကြားဖြင့် ထရပ်လိုက်ကြသည် ။
         
ထိုစဉ် မြေကြီးထဲမှ မြွေကဲ့သို့ အနီရောင်သစ်မြစ်တစ်ခုထိုးထွက်လာပြီး တစ်ယောက်အား ရစ်ပတ်လေသည် ။ ရစ်ပတ်ခံရသူလက်ထဲ၌ ဓားရှိနေသဖြင့် ထိုဓားနှင့် သူ့အားရစ်ပတ်နေသော သစ်မြစ်များကို ခုတ်ဖြတ်ရာ သွေးကဲ့သို့ အနီရောင်အရည်များထွက်ကျလာလေသည် ။ ကျန်တစ်ဦးလည်း အဖော်ဖြစ်သူအား မကူညီဘဲ ရွာသို့ပြေးလေသည် ။
         
" ခေါင်းဆောင် .... ခေါင်းဆောင် ..."
         
" ဟေ့ .. ဘာဖြစ်လာ ထီနိ .. "
         
" အီိစု ကို သစ်နီပင်ကသတ်လိုက်ပြီ "
         
" ဘာ.. နင်ဘာပြောလဲ .. အီစု ဘာဖြစ်လဲ"
         
ထိုအခါ ထီနိက သူကြုံတွေ့ရသမျှကို ပြောပြ လိုက်လေသည် ။  ခေါင်းဆောင်ခေါင်ဂရုသည် မယုံသော်လည်း ရွာသားအချို့ကို ခေါ်ကာ သစ်နီပင်ဆီသို့သွားကြသည်။ ထိုနေရာအရောက်တွင် သစ်နီပင်အောက်၌ သေဆုံးနေသော အီစု၏ အလောင်းကိုသာ တွေ့ကြရလေသည် ။ အလောင်းမှာ တစ်ကိုယ်လုံး ဖြူဖပ်နေပြီး သွေးတစ်စက်မှ မရှိတော့သဖြင့် အားလုံးအံသြကုန်သည် ။
         
" ဒါဘယ်လိုဖြစ်လဲ "
         
" ငါလည်းမသိ ခေါင်းဆောင် .. မြေကြီးထဲက အမြစ်ကြီးထွက်လာပြီး အီစုကို သတ်လိုက်တာ "
         
" ထီနိ ... နင်ရွာပြန်ပြီး တူးစရာသွားယူ .. ငါတို့ ဒီနေရာကို တူးကြည့်မယ် "
           
ထီနိ ရွာပြန်သွားကာ မြေတူးရန်လက်နက်များယူဆောင်လာပြီး ထိုနေရာကို တူးကြလေသည် ။ သိပ်မတူးရဘဲ သစ်မြစ်တစ်ခုကို တူးမိရာမှ သွေးကဲ့သို့ အနီရောင်အရေများပန်းထွက်လာလေသည် ။ သွေးညှီနံ့များမှာလည်း လှိုင်နေသည် ။
         

" မဖြစ်ဘူး .. ဒီအပင်က မိစ္ဆာအပင်ပဲ .. ဒီ အပင်ကို ခုတ်ကြမယ် "  ဟုပြောရာ ရွာသားများလည်း ဓားများဖြင့် ထိုအပင်အားခုတ်ရန်ပြင်ကြစဉ်
         
" ဝုန်း.. "
         
သစ်ပင်ပေါ်မှ သစ်ကိုင်းကြီးတစ်ခု ကိုးကျိုးကျ လာသဖြင့် အပြေးအလွှားရှောင်ရှားကြသော်လည်း ကံဆိုးသူတစ်ဦးမှာ မရှောင်နိုင်ဘဲ သစ်ကိုင်းရိုက်ကာ လဲကျသွားလေသည် ။ အားလုံး ဆက်ခုတ်ရန် မဝံ့မရဲဖြစ်သွားကြ သည် ။
           
ထိုအခါ တစ်ယောက်မှာ ဟန်ပါပါဖြင့် ခုတ်ရန် သစ်ပင်နားတိုးကပ်သွားပြီး ပင်စည်အား ဓားဖြင့်တစ်ချက်ခုတ်လိုက်တော့ သွေးများပန်းထွက်လာလေသည် ။ ထိုစဉ် သူ၏ နောက်ဖက်တစ်နေရာမှ မြေကြီးများ ကြွတက်လာပြီး မြေကြီးထဲမှ မြွေတစ်ကောင်ကဲ့သို့ ရှည်မျောမျောအနီရောင်သစ်မြစ်ကြီး ထွက်လာပြီး ထိုသူအားရစ်ပတ်လေသည် ။ ခြေထောက်မှစ၍ ရစ်ပတ်သွားရာ လည်ပင်းအထိပတ်မိချိန်ဝယ် မလှုပ်နိုင်တော့ပေ ။
           
ထိုအခါ ကျန်လူများမှာ ထိုသူအား ကူညီရန်ပြေးဝင်လာကြပြီး သစ်မြစ်နွယ်တွေကို ဓားများဖြင့်ဖြတ်တောက်လေသည် ။ နွယ်ကဲ့သို့ သစ်မြစ်အချို့ ပြတ်သွားကြသော်လည်း ပင်ပ သစ်မြစ်ကြီးမှနေ၍ အမြစ်ပွားများ ထွက်ပေါ်လာကျန်လူများကိုပါ ရစ်ပတ်လေသည် ။
         
" အား .... "
           
လူငါးယောက်လုံး ရုန်းမထွက်နိုင်ကြ၍ ခေါင်းဆောင်နှင့် ကျန်ရွာသားနှစ်ယောက်လည်း ဝင်မကူညီဝံ့ ဘဲ ရွာသို့ အပြေးပြန်ကြသည် ။ ရွာရောက်တော့ ထိုကိစ္စအား တိုင်ပင်ကြသည် ။ အားလုံးမှာ ကြောက်ရွံ့နေကြသည် ။
           
" ခေါင်းဆောင် "
           
" ဘာလဲ ပေဂ "
             
" အခု သစ်နီပင်နေရာက ရာလု ကျိန်စာတိုက်ထားတဲ့နေရာမဟုတ်လား "
             
" ဟေ "
             
ထိုအခါ အားလုံးသတိထားမိသွားပြီး ပို၍ပင် ကြောက်ရွံ့သွားကြသည် ။ ထိုစဉ်က ခေါင်းဆောင်အပါအဝင် အားလုံး သည် နော်လူးအား အပြစ်ဖန်တီးကာ သတ်လိုက်ကြသည် ။ ရွာသားအများစုသည် အားလုံးသဘောကျနေသော ရာလု ကို နော်လူးလက်ထပ်ခွင့်ရသဖြင့် နော်လူးအပေါ် မကျေနပ်ကြ ။
             
ထို့အပြင် နော်လူးသည် တောပစ်ရာတွင် အများနှင့်မတူဘဲ လွန်စွာကျွမ်းကျင်သူဖြစ်နေသည် ။ နော်လူးတောတက်လျှင် သားကောင်မရဘဲပြန်လာ သည်ဟူ၍ မရှိ ။ ထိုနေရာတွင်လည်း ရွာသားအများစု၏ မနာလို အမုန်းပွားမှုကို ခံခဲ့ရသည် ။ ထိုသို့သော လူများက ခေါင်းဆောင်ခေါင်ဂရု ကို စည်းရုံးကြသည် ။
         
 နော်လူးသည် ခေါင်းဆောင်ကို လုပ်ကြံ၍ ခေါင်းဆောင် နေရာယူရန် ကြံစည်နေကြောင်း ကုန်းချောကြလေသည် ။ ထိုအခါ ခေါင်းဆောင်ကလည်း နော်လူးအပေါ် အမုန်းပွားကာ ပိုးထိ၍ သေဆုံးသွားသော သူ့သမီးစောဖူအလောင်းကို  ဓားဖြင့်ထိုးစိုက်ထားဒဏ်ရာရအောင်လုပ်ကာ နော်လူးပြန်လာသော လမ်းတွင် ချထားလိုက်သည်  ။
           
 နော်လူး စောဖူကို ကြည့်ရှုစစ်ဆေးစဉ်မှာပင်  အသင့်စောင့်နေရာမှ ထွက်လာပြီး ထိုအချက်ဖြင့် နော်လူးကို ထောင်ချောက်ဆင်ဖန်းဆီး သတ်ဖြတ်နိုင်ကြသည် ။ လူကောင်းအချို့မှာလည်း နော်လူးတကယ်သတ်သည် ဟုထင်ကာ စည်းကမ်းဖောက်ဖျက်သူအဖြစ် ထင်မြင်မုန်းတီးကြလေသည် ။
           
ထိုကိစ္စ မှတစ်ဆင့် ရာလု ပြဿနာ ပေါ်လာ ခဲ့ပြီး ကျိန်စာတိုက်ခဲ့ခြင်းဖြစ်သည် ။ ခေါင်းဆောင် ခေါင်ဂရုသည် အတိတ်မှဖြစ်ရပ်များကို တွေးရင်း စိတ်ရှုပ်သွားသည် ။
           
"ဘာပဲဖြစ်ဖြစ် ငါတို့ ဒီသစ်နီပင်ကို ရအောင်ခုတ်ပြီး မီးရှို့ကြမယ် "
           
" ကောင်းတယ် ....... ကောင်းတယ် "
         
မကြုံဖူးသေးသော ရွာသားများက ထောက်ခံကြသော်လည်း ကြုံဖူးသူများကတော့ ဖိန့်ဖိန့်တုန်အောင် ကြောက်နေကြသည် ။
         
ထိုည သန်းခေါင်ယံ တွင် ရွာစွန်ရှိအိမ်တစ်အိမ်မှ အော်သံများကြားရ၍ သွားကြည့်ကြရာ မြေပြင် တောစပ်တွင် သေဆုံးနေသော မိသားစု သုံးယောက်ကို တွေ့ရလေသည် ။ သုံးယောက်စလုံး သွေးများမရှိတော့သဖြင့် ဖြူဖပ်နေကြသည် ။ သစ်နီပင်နှင့် ထိုနေရာမှာ အတော်ဝေးသော်လည်း ယခု၌ ရွာမှလူများပင် မလုံခြုံတော့ပေ ။
             
နောက်ရက်များတွင်လည်း ညတိုင်းပင် နှစ်ယောက် သုံးယောက် ဆက်တိုက်သေဆုံးကြပြီး ရွာသား များအတော်ပင်ထိတ်လန့်ကာ ညပင်မအိပ်ရဲအောင်ရှိနေကြသည် ။ ခေါင်းဆောင် ခေါင်ဂရုလည်း ကြံရာမရသည့် အဆုံး သစ်နီပင်ကြီးရှိရာသို့ အရဲစွန့်ကာ သွားရောက်ကာ ရာလုအား တောင်းပန်လေသည် ။
           
"ရာလု .. ငါတို့တောင်းပန်တယ် ဟာ ... ငါတို့ကို ဒုက္ခမပေးပါနဲ့ ငါတို့နင်နဲ့ နော်လူးအပေါ်မှာ မတရားလုပ်မိတာ ခုဆိုနောင်တရနေပါပြီ ... နင့်ကျိန်စာတွေ ပြေပါတော့ "
             
ထိုသို့ သွားရောက်တောင်းပန်ခဲ့သော်လည်း အခြေအနေမှာ မထူးခြားဘဲ ရာလုသည် သူ၏ နာကြည်းမှု များကို အတိအကျ သက်ရောက်စေသဖြင့် အချို့မှာ အခြားသို့ ပြောင်းပြေးကြလေပြီ ။
           
တစ်နေ့တွင် နောင်ဟူရွာသို့ ထူးဆန်းသော အမေအိုကြီးတစ်ဦးရောက်လာရာမှ ထိုကိစ္စကို အကူအညီတောင်းရာ
           
" အင်း ... ဒါက ကျိန်စာစူးနေတာ ... ဒီကျိန်စာကို နှုတ်ဖို့ဆိုရင် သူ့သွေးသားလိုတယ် ... သူနဲ့ပတ်သတ်တဲ့ လူတစ်ယောက်ဆီက သွေးနဲ့ဖြေမှ ဒီကျိန်စာ ပြေလိမ့်မယ် "
           
" သူ့သွေးသားက ဘယ်မှာ ရှိလဲ"
           
" ဟင်း ... သင်တို့ ဟာ အင်မတန်ဆိုးတဲ့ စရိုက်ကြမ်း ဒေါသကြမ်းတွေကြောင့် အပြစ်မဲ့မဲ့တဲ့သူတွေ အကြောင်းမဲ့ သေဆုံးကြရတယ် ... ဒီအကျင့်ဆိုးတွေကို ပြင်နိုင်မယ်ဆိုရင်တော့ ငါ ကူညီနိုင်ပါတယ် "
           
" ပြင်ပါ့မယ် "
           
အားလုံးကတိပေးကြသည် ။ အမေအိုသည် နောက်တစ်နေ့တွင် ကလေး ငယ်တစ်ယောက်နှင့် အမျိုးသမီး တစ်ယောက်ကို ခေါ်ဆောင်လာသည်။ ထိုအမျိုးသမီးကို မြင်တော့ အားလုံးအံသြကုန်သည် ။ ထို အမျိုးသမီးမှာ အခြားသူမဟုတ်ပေ ။ လွန်ခဲ့သော သုံးနှစ်ခန့်က နောင်ဟူရွာလေးမှ ပျောက်သွားသော မုံဝ ဖြစ်နေသည် ။
         
ဒါဆို ပါလာတဲ့ ကလေး ဘယ်သူဆိုတာ စာဖတ်သူတို့ သိလောက်ပြီပေါ့ ...
         
 အမေအိုသည် ကလေးငယ်ကိုခေါ်ဆောင်ကာ သစ်နီပင်ဆီသွားသဖြင့် အားလုံးလိုက်ပါလာကြသည် ။ သစ်နီပင်နားရောက်သော် ကလေးငယ်၏ လက်ထိပ်ကို ဖောက်ကာ သွေးအနည်းငယ်ယူ၍ သစ်နီပင်ကြီး၏ ပင်စည်ကို သုတ်လိုက်သည် ။
         
" ဤသစ်နီပင်မှ ကျိန်စာစူးနေသူ .. သင်အခု သင်သွားလိုရာ သွားနိုင်ပါပြီ ... လူတွေကို မနှောင့်ယှက်ပါတော့နဲ့ ... သင်ဟာ သင့်ရဲ့ကျိန်စာကနေ စွန့်ခွာပြီး ကောင်းမွန်တဲ့နေရာသစ်ကို သွားလော့ ... သင်၏ သားအတွက်လည်း ကျွန်ုပ် အပြည့်အဝ တာဝန်ယူပါ၏ .. စိတ်ချမ်းသာစွာ သွားပါလော့ ... "
           
ဟု ရေရွတ်လိုက်ရာ ခဏအကြာတွင် သစ်ပင်ထက်မှ အနီရောင်သစ်ရွက်များ ကြွေကျလာသည် ။
         
အစပိုင်းတွင် နည်းရာမှ နောက်ပိုင်းတွင် အများအပြာကြွေရာမှ နောက်ဆုံးတွင် တစ်ရွက်မှ မကျန်တော့ပေ ။  အားလုံးမှာ ထိုမြင်ကွင်းကို ကြည့်ရှုရင်း အံသြမင်သက်နေသည် မှာ နံဘေးမှ အမေအို ၊ ကလေးငယ်နှင့် မုံဝတို့ ထွက်ခွာသွားသည်ကိုပင် သတိမထားမိလိုက် ။
           
ယခုအခါ၌ သစ်နီပင်နှင့် သွေးကျိန်စာ မှလွတ် မြောက်သွားပြီမို့ အားလုံးပျော်ရွှင်စွာဖြင့် ....
                           
ပြီးပါပြီ။           
Powered by Blogger.