မီးအိမ်ရှင်မ ခေါ်ဆောင်ရာ (အပိုင်း ၁)



မီးအိမ်ရှင်မ ခေါ်ဆောင်ရာ (အပိုင်း ၁)

ရေးသားသူ - ဂမ္ဘီရရွာ

ထွန်းခ တို့ရွာလေးသည် တောင်ခြေအနီးတွင် တည်ရှိလေသည် ။ ဆင်းရဲသား လူနည်းစုနေထိုင်ကြပြီး ရွာဘေး တွင် ကြီးမားသော ချောင်းကြီးတစ်ချောင်းရှိသည် ။ တောင်ယာလုပ်ကိုင်သူအချို့ရှိပြီး အချို့မှာ တောထဲမှ ဟင်း သီးဟင်းရွက် ခူးကာ မနီးမဝေးတွင် ရှိသော မြို့ငယ်လေးသို့ သွားရောက်ရောင်းချခြင်းဖြင့် အသက်မွေးကြသည် ။
       
 မြို့ငယ်လေးသည် အထိုက်အလျောက် စည်ကားပြီး ငါးရက်တစ်ဈေးခင်းသော ဈေးတန်းလေးရှိသဖြင့် အနီးအနားရှိ ရွာငယ်မှ လူများသည် ရာသီအလိုက် တောထွက် အသီးအနှံများရောင်းချခြင်း ကို လည်းကောင်း ၊ ချောင်းမြောင်းနီးသော ရွာငယ်များက ငါး ၊ ပုစွန်များ ရောင်းချခြင်းဖြင့်လည်းကောင်း ရွာသူရွာသားတို့မှာ စိတ်သန်ရာကို လုပ်ကိုင်ကြရသည် ။
       
တောထဲတွင် ခွေးတောက်ရွက် ၊ စွယ်တော်ရွက် ၊ ကင်ပွန်းချဉ် ၊ ဆူးပုပ် ၊ ကန်စွန်း ၊ ခံတက် ၊ ဇရစ်ရိုးများ အပြင် အခြားသော အသီးအရွက်မျိုးစုံတို့မှာ သူတို့ အတွက်သဘာဝကပေးသော လက်ဆောင်များပင် ။ ထို့ပြင် မိုးကျလျှင် မှို ၊ မျှစ် နှင့် အင်ဥ တို့မှာလည်း ပေါချင်တိုင်းပေါနေကြသည် ။
       
ထွန်းခ ဤရွာလေးတွင် နေထိုင်လာသည်မှာ ဘိုးစဉ်ဘောင်ဆက်ကတည်းက ဖြစ်သည် ။ အများနည်းတူ ရုန်းကန်ရှာဖွေစားသောက် နေထိုင်လာရင်း မနှစ်က အိမ်ထောင်ကျသည် ။ ထို့ကြောင့် ကိုယ်ပိုင်အိမ်လေးဖြင့် တစ်အိုးတစ်အိမ်ထူထောင်နေထိုင်လာသည်မှာ နှစ်ပတ်လည်ခဲ့ပြီ ။ သည်လိုဖြင့် ...
       
" လှမေ .. မိန်းမရေ .. မနက်ဖြန်မနက် စောစောလေးထပြီး ထမင်းချက်နော် "
       
" ရှင် အလုပ်ရှိလို့လား "
       
" မရှိပါဘူးကွာ ... မိုးလေးအတော်များလာပြီဆိုတော့ တောင်ပေါ်တက်ပြီး မျှစ်ရှာကြည့်မလို့ "
       
" မျှစ်ရသံ မကြားမိသေးပါဘူး "
       
" မနေ့က ကိုမောင်တို့ ရလာတယ် .. ဘာပဲဖြစ်ဖြစ် အနည်းနဲ့ အများတော့ ရမှာပဲ .. သန်ဘတ်ခါ ဈေးနေ့ဆိုတော့ ပေါ်ဦးပေါ်ခါ ဈေးကောင်းရနိုင်တယ် "
       
" တောနက်ထဲအထိတော့ သွားမနေပါနဲ့ရှင် .. အန္တရယ်များပါတယ် ... အဖော်ဘယ်သူပါသေးလဲ "
       
" မပါဘူး ... မသေချာသေးတော့ အဖော်ရှာမနေဘူး ... တစ်ယောက်တည်းဖြစ်တယ် "
       
" သတိဝီရိယနဲ့ သွားဦး "
       
" အေးပါဟာ .. မနက်ကို စောစောလေးနော် "
       
အိမ်ထောင်သက် နှစ်ပေါက်နေပြီဖြစ်သော်လည်း သားသမီးမထွန်းကားပေ ။ ထို့ကြောင့် လင်မယားနှစ်ယောက် ခြောက်ကပ်စွာပင် ဘဝကို ဖြတ်သန်းနေရသည် ။ သို့ဖြင့် နောက်တစ်နေ့နံနက် အုံးမောင်းခေါက်သည်နှင့် မလှမေတစ်ယောက် ထကာ ထမင်းဟင်း ချက်ပြုတ်လေသည် ။ ချက်ပြုတ်ပြီးစီးသော် ထွန်းခကို နှိုးသည် ။
       
ထွန်းခ ထမင်းကြမ်းစားနေချိန်တွင် မလှမေက တောတက်ရန်အတွက် ထမင်းထုပ်ပြင်ပေးခြင်း အခြားလိုအပ်သည်များကို ပြင်ဆင်ပေးလေသည် ။ ထွန်းခ အိမ်ကထွက်လာတော့ အလင်းရောင်ပင် ကောင်း စွာမရသေးချေ ။ ထွန်းခကဲ့သို့ပင် အခြားသော မှိုရှာသူ ၊ ဟင်း ရွက်ခူးသူ ၊ အင်ဥကောက်သူတို့မှာလည်း တောထဲသို့ ထွက်ကြလေသည် ။ ရွာမှ စထွက်လျှင် ယာခင်းအချို့ကို ဖြတ်ကျော်ရသည် ။ ယာခင်းများမှ လွန်လျှင် တောစပ်သို့ ရောက်လေသည် ။
       
သစ်ပင်ငယ် ၊ ချုံပုတ်ငယ်များမှတစ်ဆင့် သစ်ပင်ကြီးများ ၊ တောင်တန်းကြီးများဖြင့် တစ်စတစ်စ တောနက်လာသည် ။ မှိုရှာသူများက နေရာမရွေးရှာနိုင်ကြပြီး အင်ဥကောက်သူများက အင်ပင်ပေါသောနေရာ(သို့) မြေသားကောင်းမွန်ရာနေရာများ၌ ရှာဖွေနိုင်သည် ။ မျှစ်ချိုးသူများမှာမူ ဝါးပင်ပေါက်ရာ တောင်များ နှင့် လျှိုကြီးများသို့သွားကာ ရှာဖွေကြရသည် ။
       
ထို့ကြောင့် ထွန်းခတစ်ယောက် ဝါးတောင်များရှိရာသို့ သွားရသည် ။ ယောက်ျားခြေဖြင့် ခပ်သွက်သွက်သွားရာ နေထန်းတစ်ဖျားခန့်တွင် ဝါးတောင်များရှိရာသို့ ရောက်လေသည် ။ မျှစ်ချိုးရာ၌ အဓိကအန္တရာယ်မှာ ခြင်ကြားများပင်ဖြစ်သည် ။ လူရောက်လာပါက အုပ်စုလိုက်လာရောက်ပြီး အသံဖြင့် ဦးစွာနှိပ်စက်သည် ။ ပြီးလျှင် အသားစပေါ်သောနေရာများကို ဝင်ကိုက်ကြသည် ။ ထို့ကြောင့် တောတက်သူတိုင်း အဝတ်ကို လုံခြုံအောင်ဝတ်ဆင်ကြရသည် ။ သို့သော် အနည်းငယ်သက်သာသည်မှလွဲ၍ ခြင်ကတော့ ကိုက်စမြဲ ။
       
ထွန်းခလည်း ရောက်သည်နှင့် ခေတ္တအမောဖြေကာ တောင်ခြေတစ်ဝိုက် ပတ်ကြည့်သည် ။ မျှစ်မထွက်သေးပေ ။ တောင်ပေါ်သို့ အနည်းငယ် တက်ကြည့်သော်လည်း တစ်ချောင်းတစ်လေမျှပင် မတွေ့ရ ။ ထို့ကြောင့် လျှိုကြီးတစ်ခုထဲသို့ ဆင်းလာခဲ့သည် ။
       
ဝါးပင်တို့၏ သဘာဝသည် မိုးများများရွာပြီး အစိုဓာတ်ကောင်းမွန်စွာရသော နေရာများမှစကာ မျှစ်စို့များပေါက်ကြသည် ။ တောင်အထက်ပိုင်းကမူ အစိုဓာတ်ကောင်းစွာမရသောကြောင့် အထွက်နှေးပြီး အစိုဓာတ်ရသော လျှိုမြောင်များ၌ ဦးစွာ ပေါက်ရောက်တတ်သည် ။
       
လျှိုကြီးမှာ မတ်စောက်လှသဖြင့် သတိထားကာ ဆင်းနေရသည် ။ ပတ်ဝန်းကျင်မှာတော့ ငှက်မျိုးစုံတို့၏ အော်မြည်သံ ၊ မျောက်အော်သံများဖြင့် ဆူညံနေကြသည် ။
       
အောက်သို့ ခပ်ဖြည်းဖြည်းဆင်းရင်း တွေ့သောဝါရုံများ ကိုလည်း အလွတ်မပေးဘဲ ကြည့်သွားသည် ။ အနည်းငယ်ဆင်းမိသော် ဝါးတစ်ရုံတွင် ထွက်နေသော တစ်ထွာသာသာ မျှစ်စို့ပေါက်နှစ်ချောင်းကို တွေ့လိုက်ရ၍ ဝမ်းသာ သွားသည် ။
   
ထိုဝါးရုံသို့ ခက်ခက်ခဲခဲသွားကာ ဓားမြောင်ထုတ်ပြီး မျှစ်နှစ်ချောင်းကို ရနိုင်သလောက် မြေအတွင်းနှိုက်ကာ ဖြတ်သည်။ ထို့နောက် တစ်လက်စတည်းပင် အပေါ်မှ အခွံကြမ်းများကို ခွာထုတ်လိုက်သည် ။
       
မျှစ်ပေါချိန်ဆိုပါက ဦးစွာ မျှစ်များ ရသလောက် ချိုးယူ၍ ပြန်ခါနီးမှ အခွံကြမ်းများအား ခွာခြင်းဖြစ်သော်လည်း ယခုက မျှစ်ရှားသောကြောင့် သွားလေရာကို သယ်ဆောင်သွားနိုင်ရန် တစ်ခါတည်း ခွာထားရခြင်းဖြစ်သည် ။
       
သို့ဖြင့် အောက်သို့ဆင်းလာရာ ဝေးဝေးတစ်ချောင်းကို ခပ်ဖျောက်ဖျောက်တွေ့ရပြီး လျှိုအောက်ခြေအောက်တော့ စုစုပေါင်း အချောင်း၂၀ ခန့် ရနေပြီ ။ နေမွန်းတည့်ပြီမို့ လျှိုထဲမှာပင် ပါလာသောထမင်းထုပ်ကို ဖြည်၍ စားလိုက်သည် ။ ထမင်းစားပြီးနောက် ဆေးလိပ်ဖွာရင်း အနားယူသည် ။
         
" အင်း ... အပြန်ကို လျှိုဟိုဘက်ကမ်းကနေ တက်ပြန်ရမယ် ... နောက်ထပ် ဒီလောက်ရရင်တော့ ဒီနေ့အတွက် မဆိုးဘူး .. "
       
တစ်ကိုယ်တည်းညည်းတွားပြီးနောက် ပလိုင်းထဲမှ မျှစ်များကို ဆာလာအိတ်တစ်ခုထဲ ပြောင်းထည့်လိုက်သည် ။ ထို့နောက် အထုပ်ကိုပိုးကာ တစ်ဖက်ကမ်းပါးကို ခဲရာခဲဆစ် တက်ပြန်သည် ။ အဆင်းတုန်းကလိုပဲ ဝေးဝေးတစ်ချောင်းတော့တွေ့ရသည် ။ ဤသို့ဖြင့် တက်သွားရာ တစ်ဝက်ခန့်ပင်ရောက်နေပြီ ။
       
မိုးတွင်းကာကမို့ အချို့နေရာများမှာ ရေညှိများဖြင့် ချော်နေသဖြင့် သတိထားသွားနေရာမှ တစ်နေရာအရောက်တွင် ခြေချော်ကာ အရှိန်မထိန်းနိုင်ဘဲ အောက်သို့ လိမ့်ဆင်းသွားလေသည် ။
       
" အား ... "
       
အထုပ်တစ်ခြား လူတစ်ခြားဖြစ်ကာ သစ်ပင်ကြီးငယ်တို့အား ပွတ်တိုက်ရင်း မတ်စောက်သော ကမ်းပါးအတိုင်း လိမ့်ဆင်းသွားနေ ရာမှ တစ်နေရာအရောက်တွင် ကျောက်တုံးတစ်ခုနှင့် ခေါင်း စောင့်မိပြီး ထွန်းခ အသိများအားလုံး အမှောင်ကျသွားတော့သည် ။ သူ ဘာကိုမှ မသိတော့ ... ။ 

~~~~~~~~~~~
       
ထွန်းခ သတိရလာသဖြင့် မျက်လုံးကို ဖွင့်ကြည့်တော့ မှောင်နေသည် ။ ခေါင်းထဲမှ တစ်ဆစ်ဆစ်ကိုက်နေသည် ။
       
" အား ... ကျွတ် ကျွတ် "
     
ညည်းညူရင်း လဲလျောင်းနေရာမှ ထလိုက်သည် ။
       
" ဟင် .. "
       
ထိုစဉ် မလှမ်းမကမ်းမှ ဝါကျင်ကျင်မီးရောင်တစ်ခုကို ဦးစွာမြင်လိုက်ရသည် ။ ထိုမီးရောင်သည် သူ့ထံသို့ လာနေရာမှ အနားရောက်သော် လူတစ်ယောက်၏ လက်ထဲတွင် ကိုင်ဆောင်ထားသော မီးအိမ်မှ မီးရောင်ဖြစ်နေသည်။ ထွန်းခ မမြင်ဖူးသော ရှေးဟောင်းမီးအိမ်တစ်လုံးဖြစ်ပြီး ထိုမီးအိမ်မှ ထွက်သောအလင်းမှာ လွန်စွာဖျော့တော့အားနည်း လှသည် ။
       
သို့သော် ပတ်ဝန်းကျင်ကို အတန်အသင့်မြင်နိုင်စွမ်းရှိသဖြင့် ထွန်းခသည် သူရောက်ရှိနေသည်မှာ လိုဏ်ဂူတစ်ခုအတွင်းမှာဖြစ်ကြောင်း သတိထားမိလိုက်သည် ။ ၎င်း  အပြင် မီးအိမ်ကို ကိုင်ဆောင်ထားသူမှာ အသက်၂၀ အရွယ် လွန်စွာချောမောလှပသော မိန်းမပျိုတစ်ဦးဖြစ်နေသည်ကို အံသြစွာ တွေ့မြင်လိုက်ရသည် ။
       
 ဖြူဖွေးသောအသားရေမှာ မီးရောင်ကြောင့် ရွှေဝါရောင်အသွင်နှယ်ရှိနေပြီး မျက်ခုံးမျက်လုံးမှအစ အပြစ်ဆိုဖွယ်ရာမရှိအောင် ချောမောလှပသူလေးဖြစ်သည် ။ အနက်ရောင် ပိုးသား ရင်စေ့လက်ရှည် ၊ အနက်များများပါသော ချိတ်ထမီ တို့ဖြင့် သူမအလှမှာ တော်ဝင်နန်းဆန်နေသည် ။
       
" အစ်ကို ... သတိရလာပြီလား "
       
မိန်းကလေးက ထိုသို့မေးရင်း အနားတွင် ဝင်ထိုင်လိုက်သည် ။
       
" ငါ ... ငါ ဘယ်ရောက်နေတာလဲဟင် .. ပြီးတော့ နင်က ဘယ်သူလဲ "
       
" ညီမက ဒီနားလေးက ရွာမှာနေတာပါ .. တောထဲမှာ အစ်ကို ဒဏ်ရာရပြီး သတိမေ့နေတာတွေ့လို့ ဒီကို ခေါ်လာတာပါ "
       
ထိုအခါမှ မိမိမျှစ်ချိုးထွက်လာသောအဖြစ်ကို ပြန်သတိရမိသည် ။
       
" ကျေးဇူးပါပဲ ညီမရယ် ... ညီမနဲ့သာ မတွေ့ရင် အစ်ကိုသေနေလောက်ပြီ .. ဒါနဲ့ ဒီနားတစ်ဝိုက်မှာ ရွာရှိတယ်လို့ မကြားမိပါဘူး "
       
" ရှိတာပေါ့ အစ်ကိုရဲ့ ညီမတို့က အခြားလူတွေနဲ့ ရောရောနှောနှောမနေလို့ ဘူတွေမသိကြတာပါ "
         
ထွန်းခ မှာ ဒီနယ်သားမို့ သူမပြောသည်များကို လက်ခံနိုင်ရန်ခက်ခဲနေသည် ။ သူ့သက်တမ်းတစ်လျှောက် တောနက်ထဲတွင် ရွာရှိသည်ဟု တစ်ခါမှ မကြားမိပေ ။ ထို့ကြောင့် ယုံကြည်ရန် ခက်ခဲနေသည် ။
       
" အင်း .. ဟို လေ .. ညီမတို့က လူအစစ်တွေရော ဟုတ်ကြလားဟင် "
       
ထိုသို့မေးလိုက်ရာ သူမမျက်နှာလေး ညှိုးသွားသည် ။
       
" ညီမလည်း မသိပါဘူး ... တောထဲမှာပဲနေနေရတော့ တစ်ခါတစ်လေမှာ အစ်ကိုမေးသလိုပဲ ကိုယ့်ကိုယ်ကို ပြန်မေးကြည့်ဖူး တယ် ... ညီမကတော့ လူလို့ထင်တာပဲ .. အစ်ကို ပြောကြည့်လေ "
         
သူမစကားကြောင့် ထွန်းခ သူမလက်နှစ်ဖက်ကို ဆုပ်ကိုင်ကြည့်လိုက်သည်။ ရာသီဥတုကြောင့် အနည်းငယ် အေးနေရာမှအပ လူသားတစ်ဦးအတိုင်းပင် ။
       
" ဟုတ်ပါတယ် .. လူအစစ်ပါ "
       
" ဝမ်းသာလိုက်တာ အစ်ကိုရယ် "
       
" ဒါနဲ့ ညီမတို့ရွာက ဘယ်မှာလဲ "
       
" ဒီနေရာကနေ ရှေ့ကို နည်းနည်းဆက်သွားရင် ရောက်ပါတယ် "
       
" ညီမက အစ်ကို့ကို ဘာလို့ရွာမှာ မထားဘဲ ဒီမှာထားတာလဲ"
       
ထိုအခါ သူမမျက်နှာပျက်သွားသည် ။
       
" ရွာကို သွားလို့မဖြစ်ဘူးအစ်ကို "
       
အထိတ်တလန့်  ဖြင့် ပြောသည် ။
       
" ဟင် ... ဘာလို့လဲ "
       
" ရွာကလူတွေက လူစိမ်းဆိုရင် အဝင်မခံဘူး ... ဝင်လာရင်လည်း ပြန်ထွက်ခွင့်မပေးဘဲ သတ်ပစ်တာ "
       
" ဟင် ... "
         
ထွန်းခ လွန်စွာ ထိတ်လန့်သွားသည် ။
       
" ဟုတ်တယ်အစ်ကို ... အစ်ကို့ကိုလည်း သူတို့မသိအောင် ညီမကူညီပေးရတာ .. တကယ်လို့သာ သူတို့သိသွားရင် ညီမကို အပြစ်ပေးရုံတင်မကဘူး ၊ အစ်ကို့ကိုပါ အလွတ်မပေးဘဲ သတ်ပစ်လိုက်ကြမှာ "
       
" ဟေ ... "
       
သူမ လိမ်ညာပြောနေခြင်းမဟုတ်သည်ကို သတိထားမိသဖြင့် လွန်စွာ စိုးရိမ်သွားသည် ။   
       
 " ဟင် ... ညီမတို့ ရွာကလူတွေက ဘယ်လိုလူတွေလဲ ... လူရိုင်းတွေလား .. လူသတ်တယ်ဆိုတာ ရာဇဝတ်မှုကျူးလွန်တာပဲ "
       
" မသိပါဘူး အစ်ကိုရယ် ... ညီမ လည်း ရွာမှာနေရတာ စိတ်ပျက်နေပြီ .. အစ်ကိုပြန်ရင် ညီမကို ခေါ်သွားပါလားဟင် "
     
ထွန်းခလက်မောင်းကို ဆုပ်ကိုင်၍ အားကိုးတကြီးပြောလာသော မိန်းကလေးကို သူ သနားသွားသည် ။ သူမပြောသလိုသာ မှန်ကန်ပါက ထိုကဲ့သို့ စရိုက်ကြမ်းပြီး လူသတ်သော ရွာကလေးနှင့် သူမဘဝမှာ လားလားမှ မအပ်ဆက်ပေ ။
       
" ကောင်းပြီလေ ... အစ်ကို ခေါ်သွားပေးမယ် ... မနက်လင်းတော့ သွားကြတာပေါ့ "
       
" မနက်ထိ စောင့်လို့မရဘူးအစ်ကို .. မနက်လင်းရင် သူတို့တွေ့ပြီး ဖမ်းမိသွားနိုင်တယ် .. ညီမတို့ ညတွင်းချင်းသွားမှ ဖြစ်မယ် "
       
" ခက်တာပဲ .. နေ့ခင်းဖက်ပြန်ရင်တောင် လမ်းကို မနည်းရှာ ရမှာ .. ဘယ်နေရာရောက်နေမှန်းလည်း အစ်ကိုမသိဘူး .. ညဆိုတော့ ဘယ်လိုမှ မဖြစ်နိုင်ဘူး "
       
" ဖြစ်သလိုသွားကြမယ် အစ်ကို .. အစ်ကို့ကို ညီမတွေ့ခဲ့တဲ့ နေရာကိုရောက်ရင် အစ်ကို လမ်းသိပြီလား "
       
" အင်း .. အဲ့လောက်ဆို မဆိုးဘူး "
       
" ဒါဆို ရွာဘေးက ဖြတ်ပြီးသွားရမှာပဲ ... မသွားခင် အစ်ကို့ကို သတိပေးထားရမယ် "
       
" ပြောလေ "
       
" ရွာဘေးနားရောက်ရင် စကားလုံးဝ မပြောပါနဲ့ ... အသံမထွက်အောင်ဂရုစိုက်ရလိမ့်မယ် ... သူတို့က အကင်းပါးတယ် .. တစ်ခုခုဆိုတာနဲ့ တန်းမိမှာ "
         
သူမအပြောကြောင့် ရင်ထဲမှာပင် လှိုက်ဖိုလာသည် ။
         
" လာ .. အစ်ကို ... သွားကြမယ် "
         
မီးအိမ်ကို ဆွဲကာ ထရပ်လိုက်သဖြင့်  ထွန်ခပါ မတ်တပ်ရပ်လိုက်သည် ။ ထို့နောက် သူမကပင် ဦးဆောင်ကာ အပြင်သို့ ထွက်လေသည် ။
         
အပြင်တွင် တစ်ခြမ်းပဲ့ လရောင်နှင့်အတူ ကြယ်ရောင်တို့မှာ တောက်ပခြင်းငှါ မစွမ်းဆောင်နိုင်ကြ ။ မြင်မြင်လေရာ၌ သစ်ပင်ရိပ်မည်းမည်းကြီးများကိုသာ တွေ့နေရသည် ။
         
" အစ်ကို .. ဟိုမှာတွေ့နေရတာ ညီမတို့ရွာပဲ "
         
 ရှေ့တစ်နေရာသို့ ညွှန်ပြ၍ ကြည့်လိုက်ရာ မီးရောင်အချို့ကို လှမ်းမြင်ရသည် ။
         
" ညီမ ပြောတဲ့အတိုင်း ရွာဘေးက ဖြတ်လျှောက်ရင် စကားမပြောမိပါစေနဲ့ ... နှာချေတာ ၊ ချောင်းဆိုးတာတွေပါ အောင့်ထားပေးပါအစ်ကို "
           
သူမစကားများမှာ ထူးဆန်းလွန်းနေသည်ဟု ထွန်းခ ထင်မိသည် ။ သို့သော် ကိုယ်မသိသေးသော နေရာတစ်ခုမို့ မဖြစ်နိုင်ဟုလည်း ပြော၍ မရနိုင်ပေ ။ ထို့ကြောင့် သူမပြောသည့်အတိုင်းသာ လိုက်နာရပေလိမ့်မည် ။
         
" သွားမယ် အစ်ကို "
         
 မီးအိမ်ကိုင်၍ ရှေ့မှ ထွက်သွားသဖြင့် နောက်မှ လိုက်ရသည် ။ သူမသည် မီးအိမ်ကိုင်၍ သွားနေသည်ဆိုသော်လည်း မီးအိမ်မှ အလင်းရောင်သည် သူတို့ခရီးအတွက် မည်သို့မျှ အထောက်အကူမဖြစ်ပေ ။ သူမနောက်မှ တိတ်ဆိတ်စွာ လိုက်ပါလာရင်း အတန်ကြာသော် စောစောက မြင်ရသော မီးရောင်များနှင့် နီးကပ်လာသည် ။

ထွန်းခသည် မီးရောင်များရှိရာကို စိတ်ဝင်တစားငေးကြည့်ရင်း ရာ အိမ်အချို့ကို လှမ်းမြင်လိုက်ရသည် ။ အများကြီးမဟုတ်ဘဲ လူနည်းစုသာ နေထိုင်ဟန်ရှိလေသည် ။ မကြာမီ ရွာနံဘေးသို့ ရောက်လာသည် ။ ထိုစဉ် ရွာအခြေအနေကို ကြည့်ရင်း လျှောက်နေသော ထွန်းခ သစ်ကိုင်းခြောက်ကြီးတစ်ခုကို တိုက်မိပြီး လဲကျသွားလေသည် ။
     
 " ဖျောင်း .. ဖျောင်း ... "
       
" ဘုတ် "
       
" အ .. "
       
သစ်ကိုင်းခြောက်ကျိုးသံ ၊ လဲကျသံ ၊ ညည်းညူသံတို့မှာ တိတ်ဆိတ်နေသော ညအမှောင်ကို ဖြိုခွင်းလိုက်သည် ။ ထိုအသံများကြောင့် ရှေ့မှ သွားနေသူ နောက်ပြန်လှည့်လာသည်။ သူမ၏ မျက်နှာသည် သွေးဆုတ်သကဲ့သို့ ဖြူဖပ်ဖြူရော်ဖြစ်နေပြီး လွန်စွာ ထိတ်လန့်စိုးရိမ်သည့်အသွင် ။
         
 " အစ်ကို ... မြန်မြန်ထ .. ပြေး .. ပြေးကြမယ် "
         
" ဟင် .. ဘာလို့လဲ "
         
 " သူတို့သိသွားပြီ "
         
" သူတို့ မကြားလောက်ပါဘူး "
         
 " မဟုတ်ဘူးအစ်ကို ... သူတို့အကြောင်း ညီမသိတယ် .. သူတို့ မကြာခင် လိုက်လာတော့မှာ "
       
 " ဟင် .. "
         
 နာကျင်မှုပင် ဘယ်ရောက်သွားသည်မသိ ။
         
" လာ အစ်ကို "
         
သူမ ထွန်းခလက်ကို ဆွဲကာ ပြေးလေသည် ။ ထွန်းခမှာ ယက်ကန်ယက်ကန် လုပ်နေရာမှ ရွာဖက်သို့ တစ်ချက်ကြည့်မိလိုက်ရာ
       
 " ဟင် ... "
         
မီးတုတ်များကိုင်၍ သူတို့နောက်သို့ လိုက်လာသောလူများကို တွေ့လိုက်ရ၍ မျက်စိပြူးသွားသည် ။ ထို့ကြောင့် စိတ်လိုက်မာန်ပါပြေးရတော့သည် ။ သူမသည် အလွန်အမင်းထိတ်လန့်ကာ မနားမနေပြေးသလို ထွန်းခလည်း မနားရဲ ။ နောက်မှ လူများက အဆက်မပြတ်လိုက်နေသည် ။
           
လမ်းဟူ၍ မည်မည်ရရ မရှိဘဲ တွေ့ရာ သစ်ပင် ချုံပုတ်များကို ကွေ့ဝိုက်ကျော်ခွကာ ပြေးနေရသဖြင့် ခရီးမတွင်လှပေ ။ ချိုင့် ၊ ကျောက်တုံးများဖြင့်လည်း တိုးတိုက်မိသဖြင့် အလဲလဲအပြိုပြို ဖြစ်နေသည် ။
         
အတန်ကြာပြေးမိသောအခါ နှစ်ယောက်စလုံး လွန်စွာမောပန်းနေကြပြီ ။ တစ်နေရာရောက်သော် ပြေးနေရာမှ သူမ ရုတ်တရက် ရပ်တန့်လိုက်သဖြင့် သူပါ ရပ်လိုက်ရသည် ။ နောက်လှည့်ကြည့်တော့ မလှမ်းမကမ်းတွင် မီးရောင်များကို တွေ့ရသည် ။
           
" အစ်ကို .. ညီမတို့ မလွတ်နိုင်တော့ဘူး "
           
" ပြေးရင် လွတ်ပါတယ် "
           
" ညီမသိတယ်အစ်ကို ... ဘယ်လိုပြေးပြေး သူတို့မိမှာ ... ဒီတော့ ညီမပြောသလိုလုပ်ပါအစ်ကို "
         
 " ဘာ ..ဘာလဲ "
         
 " အစ်ကိုတစ်ယောက်တည်း ပြေးတော့ ... ညီမ သူတို့ကို တားပေးထားမယ် "
         
 " ဟင် ... ညီမ ဒုက္ခရောက်မှာပေါ့ ... ပြီးတော့ ညီမပဲ အစ်ကို့နောက်ကို လိုက်မယ်ဆို "
           
" မဖြစ်နိုင်တော့ဘူးအစ်ကို ... အချိန်သိပ်မရှိဘူးအစ်ကို .. ညီမကို စိုးရိမ်မနေနဲ့ ... အစ်ကိုသာ လွတ်အောင်ပြေး ... ဒီကနေ ရှေ့တည့်တည့်ကိုပြေးရင် ချောင်းတစ်ချောင်းရှိတယ် ... အဲ့ဒီချောင်းကို ကျော်လိုက်ရင် အစ်ကို လွတ်ပြီ ...   ပြီးတော့ ဟော့ဒီမီးအိမ်လေးကို ယူသွားပါ . . ဒီမီးအိမ်လေးဟာ ညီမတို့ရဲ့ ဘိုးစဉ်ဘောင်ဆက် ထိန်သိမ်းထားတဲ့ မီးအိမ်တစ်ခုပါ ... သာမန်မီးအိမ်တစ်ခုမဟုတ်ဘူး ... မီးအိမ်ကို အစ်ကို့အနားမှာ အမြဲထားပါ .. အဲ့လိုမှ မဟုတ်ရင် သူတို့က အစ်ကို့ကို အန္တရာယ်ပေးနိုင်တယ် ... မီးအိမ် အစ်ကို့အနားမှာရှိရင် သူတို့ဘာမှ လုပ်လို့မရဘူး ... အစ်ကို .. တစ်နေ့ကျရင် အစ်ကို့ဆီကို ညီမ မရောက်ရောက်အောင် လာခဲ့ပါ့မယ် .. သွား ..သွား တော့အစ်ကို .. သူတို့နီး လာပြီ "
         
မီးအိမ်ကို ထွန်းခ လက်ထဲသို့ ထည့်ပေးရင်း ထိုနေရာမှ အတင်းတွန်းကာ သွားခိုင်းသဖြင့် ထွန်းခတစ်ယောက် လှည့်ကြည့်
့ရင်း ပြေးထွက်လာခဲ့မိသည် ။
         
မိမိအသက်န္တရာယ်မို့ မပေါ့ဆရဲဘဲ အားသွန်ခွန်စိုက် ပြေးရာ နောက်မှ မီးရောင်များကလည်း တပ်ကြပ်မကွာ လိုက်လာကြသည် ။
         
ထို့သို့ ပြေးလာရင်း မကြာမီ ရေစီးသံများ ကြားရပြီး ရှေးမနှောင်းမှာပင် ရေချောင်းကြီးတစ်ခုကို တွေ့လိုက်ရသည် ။ ဟိုဖက်ကမ်းရောက်လျှင် လွတ်ပြီမို့ အချိန်မဆွဲပဲ ရေချောင်းထဲ ခုန်ချကာ တစ်ဖက်ကမ်းသို့ ကူးသည် ။
           
သို့သော် ... ပင်ပန်းနွမ်းနယ်နေချိန်ဖြစ်၍ ရေစီးကြမ်းသော ချောင်းကို ကူးခတ်နိုင်စွမ်းမရှိဘဲ ရေစီးနှင့်အတူ မျောပါသွားလေတော့သည် ။ ထို့နောက် ... ထွန်းခ ဘာကိုမှ မသိတော့ ..

~~~~~~~~~~~~~~~~                   
       
" လှမေ ... လှမေ "
         
လှမေအမည်ကိုခေါ်၍ အမျိုးသမီးကြီးတစ်ဦးအိမ်ထဲသို့ ဝင်လာသည် ။ အိမ်ရှေ့ကွပ်ပျစ်တွင် လှမေတစ်ယောက် ကြိတ်ငိုနေလေသည် ။ အမျိုးသမီးကြီးအနားရောက်သော် လှမေ မျက်ရည်များကို ကပျာကယာ သုတ်လိုက်သည် ။
       
" ဟင် .. အမေပါလား "
       
မှန်ပေသည် ။  အမျိုးသမီးကြီးသည် လှမေ၏ မိခင် ဒေါ်အေး ဖြစ်သည် ။
       
 " ညည်းမှာလည်း အေ ... နေ့ရှိသ၍ ငိုလို့ကို မပြီးနိုင်ဘူး "
       
 " ကိုထွန်းခကို သတိရလို့ပါ "
       
 " ရတာတော့ ရတာပေါ့ ... သေသောသူ ကြာရင်မေ့တဲ့ .. မေ့နိုင်အောင်ကြိုးစားပါ သမီးရယ် "
         
 " ကျွန်မလည်း ကြိုးစားတာပဲ ... ဒါပေမယ့် ဘယ်လိုမှ မေ့လို့မရဘူး "
         
" သမီးသာ အဲ့လိုလုပ်နေရင် သွားလေသူက ဘယ်ဖြောင့်ဖြောင့်တန်းတန်းသွားနိုင်မှာလဲ .. မနက်ဖြန်ဆို မောင်ထွန်းခ ဆုံးတာ တစ်လပြည့်ပြီ .. သမီးစောစောထချက်ပြုတ်ပြီး ဆွမ်းလေးဘာလေးပို့ပြီး မောင်ထွန်းခကို အမျှဝေပေးလိုက်ပါဦး "
       
" ဟုတ်ကဲ့ပါ အမေ ... ကျွန်မလည်း စဉ်းစား ထားပါတယ်  "
       
" အိမ်မှာပြန်နေပါလားသမီး "
       
 " ရပါတယ်အမေ .. ကျွန်မ ဒီအိမ်လေးမှာပဲ နေချင်သေးလို့ပါ ... နောက်တော့မှ ပြန်လာပါ့မယ် "
       
 " စိတ်ချမ်းသာသလို နေပါ .. စိတ်ရှုပ်စရာတွေ တွေးမနေနဲ့တော့ "
       
 မိခင်ဒေါ်အေးက ထိုသို့ပြောသော်လည်း လှမေမှာ အချိန်တိုင်း ထွန်းခအကြောင်းများတွေးကာ ကြိတ်ငိုနေရသည် ။  ထွန်းခ ရွာမှပျောက်သွားသည်မှာ မနက်ဖြန်ဆို တစ်လပြည့်ပြီ ။ တောတက် မျှစ်ချိုးထွက်သွားရာမှ ပြန်မရောက်လာခြင်းဖြစ်သည် ။  ရွာသားများအကူအညီဖြင့် ရှာဖွေပါသော်လည်း မတွေ့ကြပေ ။
         
သို့သော် လျှိုကြီးတစ်ခုကမ်းပါးမှ ထွန်းခ၏ ပလိုင်းနှင့် မျှစ်ထည့်ထားသော အိတ်ကိုသာတွေ့ခဲ့ကြသည် ။ ထွန်းခ၏ အလောင်းကိုမူမတွေ့ရ ။ အချို့က တောကောင်များ ဆွဲသွားခြင်းဖြစ်မည်ဟု ထင်ကြသည် ။
         
အားလုံးက ချေချော်ကျကာ ဆုံးပြီဟု ယူဆကြသဖြင့် (၇ ) ရက်မြောက်သောနေ့တွင် ရက်လည်ဆွမ်းသွပ်ပေးခဲ့ပြီးပြီ ။ မနက်ဖြန် တစ်လပြည့်ပြီမို့ ထွန်းခအတွက် ရည်စူးပြီး ဆွမ်းပို့ရမည် ။
       
လှမေ ညကတော်တော်နှင့် အိပ်မပျော်ဘဲ လင်းခါနီးမှ မှေးခနဲ အိပ်ပျော်သွားသည် ။ စိတ်ပင်ပန်းမှုကြောင့် အုံးမောင်းခေါက်သည်ကိုပင်မသိလိုက်ဘဲ နေထွက်မှနိုးသည် ။ ထို့ကြောင့် ကပျာကယာပင် ထမင်း ဟင်း ချက်ပြုတ်ရသည် ။ အရုဏ်ဆွမ်းမမီတော့ပြီမို့ နေ့ဆွမ်းအဖြစ်သာ ပို့ရတော့မည် ။
       
" လှမေရေ ... အဆင်သင့်ဖြစ်ပြီလား "
       
 ဒေါ်အေး အိမ်ထဲသို့ ဝင်လာသည် ။
       
 " အမေရေ ... ခုမှချက်တုန်း .. မနေ့ညက အိပ်မပျော်ဘဲ လင်းမှ အိပ်ပျော်သွားလို့ "
       
 " ဖြေးဖြေးလုပ်ပါ .. အချိန်မီပါတယ် "
       
 ဒေါ်အေးပါ ဝင်ရောက်ကူညီပေးလေသည် ။  ထိုစဉ် လမ်းမကြီးအတိုင်းပြေးလာသော ခြေသံကို ကြားလိုက်ရသည် ။ ခြေသံက လှမေတို့အိမ်ပေါက်ဝတွင် ရပ်သွားသည် ။
         
" မလှမေ ... ဗျို့ မလှမေ "
         
" မောင်ထွေး ... စောစောစီးစီးဘာဖြစ်တာလဲ .. အထိတ်တလန့် နဲ့ "
       
 " ကိုကြီးထွန်းခ ... ကိုကြီးထွန်ခ .. "
         
မောင်ထွေးမှာ ပြောလိုဇောဖြင့် စကားထစ်နေလေသည် ။ ထွန်းခအသံကြားသဖြင့် လှမေမှာ ဟန်မဆောင်နိုင်ဘဲ အိမ်အောက်သို့ဆင်းကာ မောင်ထွေးအနီးသို့ ပြေးလာသလို ဒေါ်အေးလည်း မီးဖိုထဲမှ ထွက်လာသည် ။
         
" ဟဲ့ .. မောင်ထွေး .. ကိုထွန်းခ ... ကိုထွန်းခ ကို တွေ့လို့လား "
         
" ဟုတ်တယ် မလှမေ ... ကျွန်တော် ညကချောင်းမှာ ငါးတန်းထားလို့ မနက်က သွားဖြုတ်တော့ ချောင်းစပ်မှာ ကိုကြီးထွန်းခ သတိမေ့နေတာတွေ့လို့ လာပြောတာ "
       
 " ဟင် "
       
သားအမိနှစ်ယောက်လုံး မတိုင်ပင်ရဘဲ ချောင်း ဆီသို့ အမြန်သွားကြသည် ။ သတင်းကြားသူအချို့ လည်းနောက်မှ လိုက်လာကြသည် ။ သိပြီးသူများက လည်း သွားနှင့်ပြီးပြီ ။   
       
 ချောင်းမှာ ရွာနံဘေး ကပ်ရပ်တွင်ရှိသဖြင့် သိပ်မသွားရပေ ။ သူတို့ရောက်သွားချိန်တွင် ရောက်နှင့်ပြီးသူ အချို့က ထွန်းခ သတိပြန်ရလာစေရန် အမျိုးမျိုး လုပ်ဆောင်ပေးနေကြသည် ။
         
" ကိုထွန်းခ.. ကိုထွန်းခ "
         
လှမေ လူအုပ်အတွင်းသို့ ဝင်လာတော့ လူအချို့က နေရာဖယ်ပေးကြသည် ။ မျက်ရည်ပေါက်ကြီးငယ်ကျကာ ထွန်းခအနား ဝင်ထိုင်လိုက်သည် ။
         
" ကိုထွန်းခ မသေသေးပါဘူးနော် "
         
" မသေပါဘူး .. သတိမေ့နေတာ ... ခဏနေရင် ပြန်ကောင်းလာပါလိမ့်မယ် .. မြမောင်တို့ ၊ အေးဖေတို့ .. ထွန်းခကို အိမ်ထမ်းပို့ကြကွာ "
         
လူကြီးတစ်ယောက်က ပြောသဖြင့် လူငယ်အချို့ ထွန်းခကို ဝိုင်းမရန် ပြင်ကြသည် ။  ထိုစဉ် ထွန်းခ၏ ညာဖက်လက်ထဲ၌ ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားသော မီးအိမ်တစ်ခုကို တွေ့ကြ ရသည် ။ ထို့ကြောင့် တစ်ယောက်က မီးအိမ်ကို ထွန်းခ လက်ထဲမှ ယူသည် ။ ဘယ်လိုမှ ယူမရ ။ ထပ်မံကြိုးစားရာ ထွန်းခ လူးလွန့်လာသည် ။
         
 " မယူနဲ့ ... မီးအိမ်ကို မယူနဲ့ "
           
အသံနက်ကြီးဖြင့်အော်ကာ ထထိုင်လိုက်သဖြင့် အားလုံးလန့်ကာ နောက်သို့ ဆုတ်လိုက်ကြသည်  ထိုအခါ ထွန်းခ ပတ်ဝန်းကျင်ကို သတိထား မိသွားသည် ။
         
 " လှမေ ... "
         
 " ကိုထွန်းခ "
         
 ထွန်းခအခြေအနေကိုကြည့်၍ မည်သူမှ အနားမကပ်ဝံ့သော်လည်း လှမေမှာ ထွန်းခကို ပြေးဖက်ထားလိုက်သည် ။
         
" မောင်ထွန်းခ ... မင်း အားလုံးကို သိပါတယ်နော် ... မင်း .. မောင်ထွန်းခပါနော် "
         
လူကြီးတစ်ယောက်က မယုံမရဲဖြင့် မေးလေသည် ။
       
" ဟာ ... ဦးကြီးညိုကဗျာ .. ကျွန်တော် ထွန်းခပါ .. အားလုံးကို သိတာပေါ့ .. ဒါကျွန်တော့်ရွာပဲဟာ .. ဒါ ကျွန်တော့် မိန်းမ .. မနေ့က မျှစ်ချိုးထွက်ရင်း ကမ်းပါးကနေချော်ကျပြီး သတိမေ့သွားတာ "
       
 " ဟင် .. "
         
အားလုံး အံအားသင့်ကုန်ကြသည် ။
       
" ဘာ ... ဘယ်လို  ထွန်းခ .. မနေ့က .. ဟုတ်လား "

" ဟုတ်တယ်လေ .. မနေ့ကသတိမေ့နေတာ .. ညကပြန်သတိရပြီး ရွာပြန်တာ ချောင်းထဲကျပြီး မျောလာတာ "
         
အားလုံးတစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ ပါးစပ်အဟောင်းသားဖြင့် ...
       
" မဟုတ်တာ .. မင်းပျောက်နေတာ တစ်လရှိသွားပြီ "

" ဟေ့ရောင် သက်နိုင် ... နောက်မနေနဲ့ .. ငါ မရူးသေးဘူးကွ "
       
ထွန်းမောင် အတည်ပေါက်ဖြင့် ပြောနေသဖြင့် အားလုံး ဘာမှ ထပ်မပြောတော့ပေ ။ အားလုံးရင်ထဲတွင်တော့ တစ်ခုခုတော့ တစ်ခုခု ဆိုပြီး သံသယ ကိုယ်စီဖြင့် ။
         
" ကဲ ထွန်းခ .. အိမ်ပြန်ရအောင် .. မင်း အဝတ်အစိုတွေနဲ့ နေမကောင်းဖြစ်နေဦးမယ် "
         
ထို့နောက် ချောင်းစပ်မှ လူအုပ်ကြီး ရွာထဲသို့ ပြန်ဝင်ကြကုန်သည် ။ ထွန်းခ၏ လက်ထဲတွင် မီးအိမ်လေးဆွဲလျှက် ... ။
Powered by Blogger.