မီးအိမ်ရှင်မ ခေါ်ဆောင်ရာ (အပိုင်း ၂ ဇာတ်သိမ်း)



မီးအိမ်ရှင်မ ခေါ်ဆောင်ရာ (အပိုင်း ၂ ဇာတ်သိမ်း)

ရေးသားသူ - ဂမ္ဘီရရွာ

နောက်ပိုင်းတွင် တစ်ရွာလုံးက ထွန်းခ အခြေအနေ ကို စောင့်ကြည့်နေကြသော်လည်း ထွန်းခမှာ ဘာမှမပြောင်းလဲဘဲ ယခင်လို့ပင် နေထိုင်ရာ ရက်အနည်းငယ်ကြာသော် အားလုံး၏ သံသယစိတ်များ လျော့ပါးသွားလေသည် ။
         
ထွန်းခတွင် ထူးခြားချက်တစ်ခုကတော့ရှိသည် ။ ထိုထူးခြားချက်မှာ သူဘယ်သွားသွား လွယ်အိတ်ထဲတွင် သူနှင့်အတူပါလာသော မီးအိမ်လေးကို ထည့်ကာ ယူသွားခြင်းဖြစ်သည် ။
         
ထိုမီးအိမ်အကြောင်းကိုမူ မည်သူကမေးမေး မပြောပေ ။ ယုတ်စွအဆုံး ဇနီး လှမေ မေးသည်ကိုပင် မပြော ။ ထိုထူးခြားချက်မှ လွဲလျှင် ထွန်းခသည် အရင်က ထွန်းခ အစစ်ပင်ဖြစ်သည် ။
       
သို့သော် ... လှမေ အဖို့မူ ထွန်းခသည် ပင်ကိုယ်စရိုက်များပျောက်ကာ သူမအပေါ် သူစိမ်းဆန်လာသည်ဟု ခံစားရသည် ။ ထွန်းခ ပြန်ရောက်လာသည့်နေ့မှ စ၍ သူမနှင့် အတူမအိပ်ဘဲ အရှေ့ခန်းတွင် တစ်ယောက်တည်း သီးသန့်အိပ်သည် ။
         
မီးထွန်း၍ မရသော ရှေးဟောင်းမီးအိမ်လေးကို အိပ်ရာ ဘေး၌ ထား၍အိပ်သည် ။ ယခင်လို နွေးထွေးကြင်နာခြင်းမရှိသော်လည်း လှမေ ဘာမှ မပြောပေ ။ ထွန်းခ ပြန်ရောက်လာသည်ကပင် သူမအတွက် ပျော်ရွှင်နေရပြီ ။ တစ်ည ... ။
       

 " အစ်ကိုရေ ... "
       
 ခေါ်သံကြား၍ ထွန်းခ အိပ်ပျော်ရာမှ လန့်နိုးလာသည် ။ ညသန်းခေါင်အချိန်ဖြစ်၍ မှောင်နေသော်လည်း သူ့ဘေးမှ မီးထွန်းမရသော မီးအိမ်လေးမှ ထူးဆန်းစွာ မီးလင်းနေသည် ။ ထို့ကြောင့် အိပ်ရာမှထကာ မီးအိမ်ဆွဲ၍ အိမ်ပေါ်မှ ဆင်းလာခဲ့သည် ။
         
" အစ်ကို "
         
အိမ်ဝိုင်းအပြင် ခြံစည်းရိုးနားမှ ခေါ်သံကြား သဖြင့် ထိုနေရာသို့ အမြန်သွားလိုက်သည် ။
         
" ဟင် ... ညီမ .. ညီမ လိုက်လာတယ် "
         
ထွန်းခလွန်စွာ ဝမ်းသာသွားသည် ။
       
 " ညီမ ဘာမှမဖြစ်ဘူးနော် "
       
 " ဘာမှ မဖြစ်ပါဘူး ... အစ်ကို့ကို စိတ်မချလို့ လာကြည့်တာ "
         
" အစ်ကိုလည်း ဘာမှ မဖြစ်ပါဘူး ... ညီမက အပြီးလာတာ မဟုတ်ဘူးလား "
       
" မဟုတ်ဘူး အစ်ကို ... ဒါနဲ့ အစ်ကို့ကို သတိပေးရဦးမယ် .. ရွာကလူတွေက အစ်ကို့ကို မကျေနပ်ကြဘူး .. သူတို့ အခွင့်သင့်တာနဲ့ အစ်ကို့ကို အန္တရာယ်ပေးကြလိမ့်မယ် .. ဒါကြောင့်မို့ ဒီမီးအိမ်လေးကို အစ်ကို့ အနားမှာပဲ ထားပါ ... ဒီမီးအိမ်ဟာ ညီမတို့ရွာက အထွတ်အမြတ်ထားတဲ့ မီးအိမ်မို့ ဒီမီးအိမ်ရှိရင် သူတို့ အန္တရာယ်ပေးလို့မရဘူး "
     
 " အင်း .. အင်းပါ "
       
" ဒါဆို ညီမသွားတော့မယ့်အစ်ကို "
     
 " ဟင် ... "
     
 " နောက်မှ ထပ်လာခဲ့မယ် "
       
" အစ်ကိုရော လိုက်ခဲ့လို့ မရဘူးလား "
       
" လောလောဆယ် မရသေးဘူးအစ်ကို .. တစ်နေ့နေ့တော့ ညီမ အစ်ကို့ကို လာခေါ်ပါ့မယ် "
       
" သေချာပါတယ်နော် .. အစ်ကို ဒီမှာ မနေချင်တော့ဘူး "
     
 " စိတ်ချအစ်ကို .. ညီမနဲ့အစ်ကို နေထိုင်နိုင်မယ့် နေရာရှာတွေ့တာနဲ့ အစ်ကို့ကို လာခေါ်မယ် .. ခုတော့ ညီမ သွားတော့မယ် "
       
ထိုသို့ပြောကာ အမှောင်ထဲသို့ တိုးဝင်ပျောက်ကွယ်သွားလေသည် ။ ထိုအခါ ထွန်းခလက်ထဲမှ မီးရောင်လည်း တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်သွားလေသည် ။  ထို့ကြောင့် အိမ်ပေါ်သို့ပြန်တက်ကာ အိပ်လိုက်သည် ။
         
သို့ဖြင့် နောက်ညများတွင် ညသန်းခေါင်ရောက်လျှင် မီးအိမ်မှ မီးလင်းလာသည်နှင့် အိမ်အောက်ဆင်းကာ သွားရောက်တွေ့ဆုံပြီး စကားပြောကြသည် ။
         
တစ်ည ထွန်းခ အိမ်ပေါ်မှ ဆင်းသော် ကြမ်းမြည်သံကြားသဖြင့် လှမေနိုးသွားသည် ။ အပေါ့ အပါးသွားသည်ထင်ကာ စောင့်ကြည့်သော်လည်း အတော်ကြာသည်အထိ ပြန်တက်မလာသဖြင့် အသာထကာ အပေါက်မှ ချောင်းကြည့်သော် အံဖွယ်မြင်ကွင်းကို တွေ့လိုက်ရသည် ။
         
ထွန်းခသည် မီးမလင်းသောမီးအိမ်ကို ဆွဲ၍ ခြံစည်းနားတွင် တစ်ယောက်တည်း စကားပြောနေသည် ။ နောက်ညများတွင်လည်း လှမေ မအိပ်ဘဲ စောင့်ကြည့်သော် ထိုနည်းအတိုင်းပင် ။ ထွန်းခသည် ညသန်းခေါင်အချိန်ရောက်လျှင် မီးအိမ်ဆွဲကာ အိမ်ပေါ်မှဆင်းသွားပြီး တစ်ယောက်တည်း စကားသွားပြောမြဲ ။
         
ထို့ကြောင့် ... တစ်ညတွင် လှမေစိတ်ကူးကို အကောင်အထည်ဖော်ကြည့်သည် ။ ညဦးပိုင်း ထွန်းခ နှစ်ခြိုက်စွာ အိပ်မောကျနေချိန်တွင် မီးအိမ်ကို ထွန်းခမသိအောင်ယူ၍ အနောက်ခန်းထဲထည့်ကာ ဖွက်ထားလိုက်သည် ။

ရင်ခုန်စွာဖြင့် စောင့်ကြည့်နေသည် ။ ညသန်းခေါင်အချိန်.. အိမ်လေးမှာ မြေငလျင်လှုပ်သလို တသိမ့်သိမ့်လှုပ်ခတ်သွားရာ ထွန်းခ နိုးလာသည် ။
       
 " ဘုတ် ... ဘုတ် . . ဘုတ် .. "
       
 အိမ်ထရံပုတ်သံကြားသဖြင့် လှမေပင် ထိတ်လန့်သွားသည် ။ ထွန်းခ တစ်စုံတစ်ခုကို သတိရပြီး မီးအိမ်ကို ရှာတော့ နံဘေးတွင်မရှိ ။ ထို့ကြောင့် လွန်စွာ စိုးရိမ်သွားသည် ။
       
 " ဘုတ် ... ဘုတ် ... ဘုတ် .. "
         
ထရံပုတ်သံများနှင့်အတူ အိမ်ကို တစ်ယောက်ယောက်က ကိုင်လှုပ်နေသည့်အလား သွက်သွက်ခါနေသည်မှာ ကြာလျှင် အိမ်ပင်ပြိုသွားနိုင်သည် ။
       
 " လှမေ ... လှမေ ... ငါ့မီးအိမ် ... ငါ့မီးအိမ် ဘယ်မှာလဲ ... မြန်မြန်ပေး .. လှမေ "
         
ထွန်းခ ကြောက်လန့်ကာ အော်နေသဖြင့် လှမေ ဓာတ်မီးထိုးကာ မီးအိမ်ကို ထုတ်ပေးလိုက်ရသည် ။ သူမလည်း မထုတ်ပေးဘဲ မနေရဲတော့ပေ ။ ထွန်းခ လက်ထဲမီးအိမ်ရောက်သည်နှင့် ထရံပုတ်သံနှင့် အိမ်လှုပ်နေသည်များ ရပ်တန့်သွားသည် ။ ထွန်းခမှာ ဒေါသတကြီးဖြင့် လှမေအား စိုက်ကြည့်နေသဖြင့် လှမေထိတ်လန့်သွားသည် ။
         
" လှမေ ... နောက်တစ်ခါ ငါ့မီးအိမ်ကို မထိနဲ့ .. ဒီမီးအိမ်က ငါ့ရဲ့အသက်ပဲ .. မီးအိမ်မရှိရင် သူတို့ ငါ့ကို သတ်မှာ ... နောက်တစ်ခါ ငါ့မီးအိမ်ကို ထိတာနဲ့ ငါနဲ့ တွေ့မယ် "
       
ထိုသို့ ပြောဆိုကာ မီးအိမ်ကိုင်ပြီး ပြန်အိပ်လေသည် ။ လှမေတစ်ယောက် မျက်ရည်ကျရုံမှ လွဲပြီး ဘာမှမတတ်နိုင်ပေ ။ နောက်တစ်နေ့တွင် မိခင် ဒေါ်အေးနှင့် ထွန်းခ မိဘများကို ထိုအကြောင်းများ ဖွင့်ပြောပြလိုက်သည် ။ ထွန်းခကို ယခင်ကပင် သံသယရှိနှင့်ထား၍ လှမေပြောသည်ကို အားလုံးယုံကြည်ပြီး ဆရာတစ်ယောက်နှင့် ပြကြည့်ရန် တီးတိုးတိုင်ပင်ကြသည် ။
         
အခြားရွာမှ ပယောဂကုသော ဆရာတစ်ယောက်ကို ထွန်းခမသိအောင် ရွာသို့ ခေါ်ထားလိုက်သည် ။
         
" ဆရာရယ် .. ကျွန်မတို့ သားလေးကို ကယ်ပါဦး .. "
       
" ဆရာ ကူညီပေးပါ့မယ် .. ခင်ဗျားတို့ပြောသလိုသာဆိုရင် မောင်ထွန်းခဟာ အမှန်ပဲ ပရလောကသားတွေနဲ့ ပတ်သတ်နေတယ် ... ပြီးတော့ အဲ့ဒီ ပရလောကသားတွေဟာလည်း မီးအိမ်နဲ့ တစ်မျိုးတစ်ဖုံ ပတ်သတ်နေရမယ် "
       
 " မြန်မြန်ကူညီပါ ဆရာရယ် "
       
 " ဟုတ်ပြီလေ .. ဒီနေ့ည လကွယ်ဆိုတော့ ဒီညပဲ လုပ်ငန်းစကြမယ် ... လှမေက မောင်ထွန်းခ စားမယ့်ညစာထဲမှာ ဆရာပေးမယ့် ဆေးမှုန့်တွေ ခတ်ထားလိုက် .. မောင်ထွန်းခ လုံးဝ မရိပ်မိပါစေနဲ့ ... ဆေးမှုန့် ပါးစပ်ထဲ ဝင်သွားရင် သူသတိမေ့သွားလိမ့်မယ် ... အဲ့ဒီအခါ ရွာသားနှစ်ယောက် သုံးယောက်က ဘေးအိမ်က အသင့်စောင့်နေပြီး မောင်ထွန်းခ သတိမေ့သွားတာနဲ့ ရွာပြင်ကို ထမ်းခေါ်ခဲ့ကြ ... ရွာပြင်မှာ ဆရာစီစဉ်ပြီး အသင့်စောင့်နေမယ် "
         
ထို့နောက် အခြားလိုအပ်ချက်များကို ထပ်မံမှာကြားပြီးနောက် လှမေကို ဆေးမှုန့်အချို့ ပေးလိုက်လေသည် ။ လှမေအိမ်ပြန်ရောက်တော့ မျက်နှာပိုးသေရန် အတော်ကြိုးစားနေရသည် ။ ရင်ထဲတွင်မူ ပေါက်ထွက်မတတ် လှုပ်ရှားနေသည် ။
         
သို့ဖြင့် ညစာထမင်းစားရန် ပြင်သောအခါ ထွန်းခ အတွက်သာ ပြင်ပေးပြီး ဆရာပေးလိုက်သော ဆေးမှုန့်များကို ဟင်းထဲ ရောမွှေထားလိုက်သည် ။ ထွန်းခကတော့ လှမေ စား မစား မေးရန်သတိမရဘဲ ခူးပေးထားသည်များကို တစ်ယောက်တည်း စားသောက်သည် ။ စားနေစဉ်မှာပင် မီးအိမ်လေးကို သူ့အနီး စားပွဲပေါ်တင်ကာ စားသည် ။
         
ထိုသို့စားနေရင်း တစ်ဝက်တစ်ပျက်မှာပင် နောက်သို့လဲကျကာ သတိမေ့သွားလေသည် ။ ထွန်းခ သတိမေ့သွားသော် လှမေ အိမ်ထဲမှထွက်ကာ ဘေးမှ အိမ်ကို အသံပြုလိုက်သည် ။
         
 " ကိုကြီးမွှေး ... ကိုဖိုးထောင် ... ရပြီ "
         
လှမေအသံကြောင့် တစ်ဖက်အိမ်မှ လူသုံးဦး ကျိုးတိုးကျဲတဲစိုက်ထားသော စည်းရိုးပင်များကို ဖြဲကာ ဝင်လာကြသည် ။ ၎င်း   နောက် ထွန်းခကို ဝိုင်းမကာ ဆရာမှာ ထားသော ရွာပြင်သို့ သွားကြသည် ။
           
လှမေက ရှေ့မှ ဓာတ်မီးပြရင်း လက်တစ်ဖက်က မီးအိမ်ဘေးကို ဆွဲထားသည် ။ ဆွဲသာဆွဲထား ရသည် ။ ရင်ထဲတွင် တုန်လှုပ်နေမိသည် ။ မကြာမီ ရွာပြင်တစ်နေရာရှိ မီးတုတ်များစိုက်ထားရာ နေရာသို့ ရောက်လာကြသည် ။ မီးတုတ် ဆယ်ချောင်းခန့်ကို ထိုနေရာတစ်ဝိုက်တွင် ထွန်းညှိ ထားပြီး ရွာသူရွာသား များကိုပါ ထိုအနီး၌ တွေ့ရသည် ။ လွန်စွာစိတ်ဝင်စားသောကြောင့် ကြောက်ကြောက်ဖြင့် လာကြည့်ကြခြင်းဖြစ်သည် ။
         
 ထွန်းခရောက်လာသည်နှင့် ဆရာကြီးသည် အသင့်ပြင်ထားသော ငုတ်တိုင်တစ်ချောင်းတွင် ထွန်းခကို ကြိုးဖြင့်တုပ်နှောင်သည် ။  ထို့နောက် ထွန်းခပတ်ပတ်လည်ကို ဆေးမှုန့်အချို့ဖြင့် စည်းဝိုင်းသည် ။ ပြီးလျှင် ထွန်းခရှေ့ မလှမ်းမကမ်းတွင် စားပွဲ ခုံတစ်လုံးချပြီး စားပွဲပေါ်သို့ မီးအိမ်ကို တင်ထားကာ ထိုစားပွဲကိုပါ စည်းဝိုင်းသည် ။
         
ထိုမှတစ်ဖန် လာရောက်ကြည့်ရှုကြသော ရွာသူရွာသားများကိုပါ စည်းဝိုင်းပေးပြီး မည့်သည့်အကြောင်းနှင့်မှ အပြင်မထွက်ရန် အထူးမှာကြားထား လိုက်သည် ။ အားလုံးပြီးစီးသော် ဆရာကြီးသည် မီးအိမ်တင်ထားသော စားပွဲပေါ်တွင် အနီရောင်ဖယောင်းတိုင်လေးများ ထွန်းကာ ပါးစပ်မှ ဂါထာမန္တန်များကို တီးတိုးရွတ်ဆိုသည် ။
         
ထိုသို့ ရွတ်ဆိုနေစဉ်မှာပင် ထွန်ခ သတိရလာ ပြီး သူ့ကိုကြိုးတုပ်ထားသည့်အပြင် မီးအိမ်ကိုပါ ယူထားသဖြင့် အတင်းရုန်းကန်အော်ဟစ်လေသည် ။
       
" ငါ့မီးအိမ် ... မီးအိမ်ကို ပြန်ပေး ... လှမေ .. လှမေ ... ငါ့မီးအိမ်ကို ပြန်ယူပေး ... "
       
အသံနက်ကြီးဖြင့် အော်ဟစ်လေရာ ကြည့်ရှုနေသူအားလုံးမှာ အသက်ပင်မရှူဝံ့ကြ ။ လှမေမှာတော့ ငိုရလွန်းသဖြင့် ဘေးလူများက မျော့မသွားစေရန် ထိန်းပေးထားရသည် ။
         
" သူတို့ လာနေပြီ ... ငါ့မီးအိမ်ပြန်ပေး ... ညီမ .. ညီမရေ ... အစ်ကို့ကို ကယ်ပါဦး "
         
ထွန်းခ မည်သို့ပင် ရုန်းကန်အော်ဟစ်နေစေကာမူ ဆရာကြီးမှာ ဂရုမထားဘဲ နှုတ်မှ ရွတ်မြဲ ရွတ်နေရာ ခဏအကြာတွင် လေပြင်းများတိုက်ခတ်လာသည် ။ လေမှာ လွန်စွာကြမ်းတမ်းလှပြီး မီးတုတ်မှ မီးတောက်များပင် ယိမ်းထိုးကခုန်နေကြသည် ။ ဆရာကြီးမှာ ရွတ်မြဲရွတ်နေပြီး ရွာသူရွာသားများမှာမူ တုပ်တုပ်မျှပင် မလှုပ်ရဲကြပေ ။ ထွန်းခ အော်ဟစ်ရုန်းကန်မှု ရပ်တန့်ကာ ငြိမ်ကျသွားသည် ။
         
 " ဝေါ ..... ဝီး .....ဝီး ....."
         
 " ဝီး ... ဟီး ... ဟီး ... "
         
 လေတိုက်နှုန်းမှာ ပိုထန်လာကာ အသံကြီးများပင် ကြားလာရသည် ။ သစ်ပင်သစ်ကိုင်းတို့မှာလည်း  လေဒဏ်ကို အလူးအလဲ ခဲရကာ သစ်ကိုင်းများပင် ကျိုးကုန်သည် ။
       
 " ဖျောင်း ...  ဝုန်း ... "
       
 " ဟင် ... "
       
 " ဟာ ... "
       
 " အို ... "
       
 လေအဝှေ့တွင် မီးများအားလုံးငြိမ်းကာ အမှောင်အတိကျသွားသဖြင့် အသံမျိုးစုံ ထွက်ပေါ်သွားသည် ။ လကွယ်ညမို့ ပိန်းပတ်အောင်မှောင်နေသဖြင့် ဘာကိုမှ မမြင်ရပေ ။ အတော်ကြာ တိုက်ခတ်ပြီးနောက် လေပြန်ငြိမ်သွားလေသည် ။ ထို့ကြောင့် ဆရာကြီးက စားပွဲပေါ်မှ ဖယောင်းတိုင်ကို ပြန်လည်ထွန်းညှိလိုက်သည် ။
       
 " ဟင် ... "
         
စားပွဲပေါ်တွင် မီးအိမ် မရှိတော့ ။
       
 " ဟေ့ .. ဖိုးထောင်တို့ .. လာကြပါဦး .. မီးတုတ်တွေ ပြန်ထွန်းကြပါဦး "
       
 ရွာသား လေး ငါးယောက်ထွက်လာပြီး မီးတုတ်များကို ပြန်လည်းထွန်းညှိကြလေသည် ။ မီးတုတ်များထွန်းပြီးသော် ပတ်ဝန်းကျင်တစ်ခုလုံး လင်းထိန်သွားသည် ။
         
" ဆ .. ဆရာကြီး.. ထွန် .. ထွန်းခ "
         
ရွာသားတစ်ယောက်ပြောသဖြင့် အားလုံး ထွန်းခကို ကြည့်ကြရာ ထွန်းခမှာ ခေါင်းငိုက်စိုက်ကျနေသည် ။ သွားရောက်စစ်ဆေးကြည့်သော် အသက်မရှိတော့ပေ ။ ထွန်းခအဖြစ်ကြောင့် လှမေ သတိလစ်သွားသဖြင့် အချို့က အိမ်သို့ ပြန်ပို့လိုက်ရသည် ။
         
ဤ သို့ဖြင့် .... ထွန်းခတစ်ယောက် ..  မီးအိမ်မရှိ၍ သူ့အား အန္တရာယ်ပေးမည့် သူများက သတ်သွားသလား .. နေစရာရ၍ မီးအိမ်ရှင်မပဲ ခေါ်ဆောင်သွားသလား ဆိုတာကို ထွန်းခမှ လွဲ၍ စာဖတ်သူတို့ သိနိုင်လိမ့်မည်မဟုတ်ပေ ... ။   ။

ပြီးပါပြီ။
Powered by Blogger.